ကဝမြို့နယ်ထဲက ကြက်ဝိုင်းနှစ်ဝိုင်းကို အသံဗုံးဖောက်ခွဲ သတိပေး

ပဲခူးတိုင်း၊ ကဝမြို့နယ်အတွင်း လိုင်းကြေးပေးပြုလုပ်နေတဲ့ကြက်ဝိုင်းနှစ်ဝိုင်းကို ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က အသံဗုံးဖောက်ခွဲ သတိပေးခဲ့ကြောင်း သိရပါတယ်။
ကဝမြို့နယ် အရှေ့ခြမ်း မမောက်ကျေးရွာကြက်ဝိုင်းနဲ့ ကဝမြို့နယ်အနောက်ခြမ်း ခနာကျေးရွာ ကျောက်တိုင်ကန်ကြက်ဝိုင်းတို့ကို ကဝ PDF က လူထိခိုက်မှုမရှိအောင် သေချာစီစဉ်ပြီး အသံဗုံးဖောက်ခွဲ သတိပေးလိုက်ခြင်းဖြစ်ကြောင်း ကဝ PDF တာဝန်ရှိသူတစ်ဦးက ပြောတယ်လို့ Kawa Information က ဖော်ပြပါတယ်။
လောင်းကစားနေသူတွေဟာ ပုဆိုးကျွတ်သူကျွတ်၊ ပိုက်ဆံကျသူကျ၊ ဖုန်းပြုတ်ကျသူကျနဲ့ ဝရုန်းသုန်းကား ထွက်ပြေးကြတယ်လို့လည်း သိရပါတယ်။
‘ကဝမြို့နယ်ထဲမှာ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ လောင်းကစားဝိုင်းတွေလုပ်ပြီး စစ်ခွေး၊ ရဲခွေးတွေကို ထောက်ပံ့နေတာ မလုပ်ဘဲနဲ့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာပါဝင်ဖို့ အသိလေးပြန်ဝင်လာအောင် အသံဗုံးဖောက်ပြီး သတိပေးလိုက်တာပါ’ လို့ ကဝ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မမောက်ကျေးရွာ၊ အောင်သပြေကွက်သစ် အတွင်းရှိကြက်ဝိုင်းကို သက္ကလရဲစခန်းနဲ့ မမောက်ကျေးရွာ အုပ်ချုပ်ရေးမှူးကို လိုင်းကြေးပေးကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၃ နာရီခွဲလောက်က အသံဗုံးဖောက်ခွဲပြီး သတိပေးခဲ့တာပါ။
ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၂ နာရီမိနစ် ၄၀ လောက်မှာ ခနာကျေးရွာ ကျောက်တိုင်ကန်ကြက်ဝိုင်းကို ကဝ PDF က ဗုံးဖောက်ခွဲသတိပေးခဲ့ပါတယ်။