ပေါက်ချိုင် ပကဖ တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့ရ

Photo- C&T SHWEBO

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်အုပ်စုကို ခုခံစစ်ဆင်နွှဲပြီး တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ဆယ်ဖို့ သွားရောက်ခဲ့တဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅ဦးဟာ လက်နက်ချင်း မမျှတတာကြောင့် ကျဆုံးခဲ့ရတယ်လို့ C&T SHWEBOက ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၂၅ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုဟာ နှမစားရစ်ကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၆ဦးအကြောင်းမဲ့ သတ်ဖြတ်ကာ ရွားလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်အုပ်စုရဲ့စစ်ကြောင်းထိုးမှုကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေကို ကယ်တင်နိုင်ဖို့ C&T SHWEBOနဲ့ ပေါက်ချိုင် ပကဖအဖွဲ့ဝင်တွေ သွားရောက်ရာမှာ ဇီးဖြူကုန်းကျေးရွာခြေရင်းမှာ စစ်အုပ်စစ်ကြောင်းနဲ့ ထိတ်တိုက်တွေ့ဆုံပြီး အပြန်အလှန်ပစ်ခတ်ရင်း ပေါက်ချိုင် ပကဖ အဖွဲ့က ပြည်သူ့ရဲဘော် ၁၅ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ တပ်စွဲထားတာကြောင့် Dead Bodyတွေကို ချက်ခြင်း သွားရောက် ကောက်ယူနိုင်ခြင်း မရှိဘဲ ဒီကနေ့မှာသာ သွားရောက် ကောက်ယူနိုင်ပြီး အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ဦးနဲ့ ပြည်သူ၆ဦးတို့အတွက် လက်စားချေတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ C&T SHWEBOက ထည့်သွင်းထုတ်ပြန်ထားပါတယ်။