စစ်ကိုင်း-မုံရွာကားလမ်းမှာ စစ်အုပ်စုက လူငယ် ၄ ဦးကို အကြောင်းမဲ့ဖမ်းဆီ

စစ်ကိုင်းတိုင်း စစ်ကိုင်း-မုံရွာကားလမ်းပေါ်မှာ ဆိုင်ကယ် ၂စီးနဲ့ သွားလာနေတဲ့ လူငယ်၄ဦးကို အကြမ်းဖက်စစ်အုပ်စုက PDFတွေလို့ အကြောင်းမဲ့စွပ်စွဲကာ ဖမ်းဆီးထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၆ရက်နေ့ မနက် ၇နာရီခန့်မှာ စစ်ကိုင်း-မုံရွာကားလမ်း မြင်းမူဘက်ကနေ စစ်ကိုင်းဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ် ၂စီးကို ရပ်တန့်စစ်ဆေးခဲ့ပြီး ဆိုင်ကယ်နဲ့အတူ လိုက်ပါလာတဲ့ ကိုရဲမင်းထက်၊ ကိုအောင်ဖြိုးခိုင်၊ ကိုသက်ပိုင်မှူး၊ ကိုကောင်းထက်ဇော်တို့ ၄ဦးကို စစ်အုပ်စုက မတရားဖမ်းဆီးခဲ့တာလို့ ​ဒေသခံ​တွေက ဆိုပါတယ်။
ဖမ်းဆီးစဉ်မှာ လက်လုပ်သေနတ်မှာ အသုံးပြုတဲ့ ပြောင်းတို ၃ခုအပါအဝင် ကျည်ဆံအချို့၊ လက်လုပ်မိုင်း၊ စစ်သုံးခါးပတ်တစ်ချောင်းနဲ့အတူ လက်ကိုင်ဖုန်း ၄လုံးကို သိမ်းဆည်းရမိတယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီရေးလူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
“မနေ့က ညောင်ပင်ဝန်းဘက်မှာ အဖမ်းခံလိုက်ရတာလို့ ကြားတယ်။ ကလေး မိဘတွေ ဘာတွေနဲ့တော့ ဘာမှ အဆက်အသွယ် မရသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၁၈နှစ်ကျော်ခန့်သာ ရှိကြသေးပြီး ပါယ်ငါးဆယ်ရွာ၊ ကျောက်တော်ကြီးရွာနဲ့ ကြွယ်လူးကျေးရွာတွေက ဒေသခံလူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။
Source- MFP