လေးကေ့ကော်ဒေသ စစ်ဘေးရှောင်တွေအတွက် ထိုင်းပြည်သူတွေ လှူဒါန်းတဲ့ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေကို နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က ပေါင်းကူးမျှဝေပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းပြည်သူတွေဟာ အခြေခံစားသောက်ကုန်၊အဝတ်အထည်နဲ့ ကိုဗစ်ကာကွယ်ရေး အသုံးအဆောင် စုစုပေါင်း တန်ဖိုးကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးနဲ့ ငွေသားဘတ်တစ်သောင်းခွဲ လှူဒါန်းခဲ့တယ်လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။
‘စစ်ရှောင်စခန်းနှစ်ခုကို ကျွန်တော်တို့ တစ်ဆင့်သွားလှူဒါန်းပေးခဲ့တာပါ။ စစ်ဘေးရှောင်တွေ နေရတဲ့အခြေအနေက သောင်ရင်းမြစ်ဘေးက သဲသောင်ပြင်မှာ ဖြစ်သလိုနေရတဲ့အခြေအနေပါ။ အစစအရာရာ လိုအပ်ချက်တွေ ဖြစ်ပေါ်နေပါတယ်’ လို့ ဦးထွန်းကြည်က ပြောပါတယ်။
စစ်ရှောင်စခန်းနှစ်ခုက စုစုပေါင်းစစ်ရှောင်ပြည်သူ ၅၀၀ အတွက် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ ခြင်းဖြစ်ပြီး အခုလှူဒါန်းမှုဟာ ၃ ကြိမ်မြောက်ဖြစ်ပါတယ်။
‘နောက်ထပ်လည်း သွားရောက်လှူဒါန်းဖို့ ရှိပါတယ်’ လို့ ဦးထွန်းကြည်က ပြောပါတယ်။
၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ဟာ လေးကေ့ကော်ဒေသကို ထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီနေ့ထိတိုင် အိမ်ပြန်လို့မရကြသေးပါဘူး။