ပြီးခဲ့တဲ့ တစ်ပတ်အတွင်း YBS ယာဉ်တွေပေါ်မှာ အုပ်စုဖွဲ့ ဓားပြတိုက်မှုတစ်ခု အပါအဝင် လုယက်မှု သုံးခုထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် နေ့လည် ၁၂ နာရီကျော်က YBS ယာဉ်လိုင်းပြေးဆွဲနေတုန်း ဓါးပြ တိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဓားအတို၊ အရှည်တွေ ကိုင်ဆောင်ထားတဲ့ ဒုစရိုက်သမား သုံးယောက်ဟာ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံအနီး ဖြတ်မောင်းနေချိန် ဓားပြတိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကျူးလွန်သူတွေဟာ ယာဉ်ပေါ်မှာ ခရီးသည်နည်းပါးတဲ့ အချိန်ကိုစောင့်ပြီး ကျူးလွန်ခဲ့တာဖြစ်သလို စီးနင်းသူ ပုံမှန်ထက်နည်းပါးတဲ့ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်စဉ်မှာ ယာဉ်မောင်းရဲ့ပိုက်ဆံ တစ်သိန်းကျော်နဲ့အတူ ခရီးသည်တွေရဲ့ ဖုန်းတွေ၊ ရွှေတွေ လုယက်ခြင်း ခံလိုက်ရပြီး ဓားပြတိုက်သွားသူတွေကိုတော့ ဖမ်းဆီးရမိတဲ့ အသံမကြားမရသေးပါဘူး။
ဖေဖော်ဝါရီ ၂၅ ရက်မှာလည်း ရွှေပေါက်ကံကနေ မြောက်ဥက္ကလာပမြို့နုယ်ကိုဖြတ်ပြီး ဆူးလေကို ပြေးဆွဲတဲ့ YBS ၃၅ ယာဉ်ပေါ်မှာ ဓါးထောက်လုယက်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လူလတ်ပိုင်း အရွယ်အမျိုးသားတစ်ဦးက ဆူးလေဘက်ကို အသွား ကန်သာယာမှတ်တိုင်အကျော်မှာ ယာဉ်မောင်းနဲ့ ခရီးသည် တစ်ဦးစီက ဖုန်းတွေကို ဓါးထောက်လုယက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
‘ပထမခရီးသည် ကောင်လေးကို ဓါးထောက်ပြီး ပိုက်ဆံတောင်းပါတယ်တဲ့။ မပေးတော့ ဓါးရိုးနဲ့ထုပြီး ဖုန်းယူပြီးတော့မှ ယာဉ်မောင်းဆီရောက်သွားတာ။ ရုတ်တရက်ဆိုတော့ ဒီလိုပေါ်တင်ဓားပြပြီး ဓားပြတိုက်တာကြောင့် အကုန်လုံးက အံ့အားသင့်ကုန်တာ’ လို့ မျက်မြင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက YBS ၈၉ ယာဉ်လိုင်းပေါ်မှာ လုယက်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ YBS ၈၉ ပေါ် စီးနင်းလိုက်ပါလာတဲ့ ခရီးသည်လူငယ်တစ်ဦးရဲ့ မျက်နှာကို ငရုတ်သီးမှုန့်တွေပါတဲ့ လက်နဲ့ရိုက်ပြီး ဖုန်းကို လုယူသွားခဲ့တာ ဖြစ်တယ်လို့ သိရပြီး သိမ်ကြီးဈေး မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။
ဒီဖြစ်စဉ်ကို အုပ်စုဖွဲ့ ပူးပေါင်းကျူးလွန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြပြီး ကျူးလွန်သူ လေးယောက်ထပ်မနည်း ရှိနိုင်တယ်လို့ သိရပါတယ်။
YBS တွေပေါ်မှာ ခါးပိုက်နှိုက်ခံရမှုတွေလည်း များပြားလာနေပြီး လူကြပ်တဲ့အချိန် အနီးကပ် ဓားထောက်လုယက်တဲ့ ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ပွားနေတယ်လို့ YBS စီး ခရီးသွားပြည်သူတွေဆီက စုံစမ်းသိရပါတယ်။