ရေလယ်ကျွန်းမှာ ပြည်သူတွေရဲ့ နေအိမ်ကိုမီးရှို့နေတဲ့ စစ်အုပ်စု အတိုက်ခံရပြီး ၁၀ ဦးသေ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဆဲတဲကျေးရွာမှာ ပြည်သူတွေရဲ့ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၁၀ ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ CDSOM က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ပူးပေါင်းအဖွဲ့က ၄၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုက ၃ ဦးသေဆုံးခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်စဉ်တွေ အတွင်းမှာလည်း ၇ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပြန်လည်ပစ်ခတ်မှုကြောင့် PDF ပူးပေါင်းတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီခွဲကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ပြည်သူ့တပ်မတော်(မြောင်)-MUA ၊ CDSOM ၏ တောင်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေး ဗိုလ်ကျားသစ်အဖွဲ့၊ PDF-Taloke၊ MGN Rainger ၊နှလုံးလှလူမိုက်ကြီးအဖွဲ့၊ Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ ၊မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ နှင့် ရေလယ်ကျွန်းအဖွဲ့များဖြစ်သည့် MG6 ၊ MGN35 ၊ Phoenix ၊ ဒေါင်းညီနောင်၊ ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့နဲ့ မဟာမိတ်တွေ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။