ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီး တပ်စွဲထားတဲ့ စစ်အုပ်စုကို PDFတွေ ဝင်တိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာ တောင်ဘက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ၈ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁ဦး ကျဆုံးခဲ့တယ်လို့ Chindwin Attack Forceက ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ ညနေ ၅နာရီခန့်မှာ ဘန့်ဘွေးကျေးရွာ တောင်ဘက်မှာ တပ်စွဲထားတဲ့ အင်အား ၅၀ခန့်ရှိတဲ့ စစ်အုပ်စုကို စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာခရိုင် တပ်ရင်း ၂ (Chindwin Attack Force)၊ မုံရွာခရိုင် တပ်ရင်း-၃၊ တပ်ရင်း-၄နဲ့ ယင်းမာပင်ခရိုင် PDFတို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေ အသုံးပြုကာ ပြန်လည်ခတ်ခဲ့ပြီး တိုက်ပွဲအပြီး ပြန်လည်ဆုတ်ခွာစဉ်မှာ မုံရွာခရိုင် တပ်ရင်း၂က တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါနမောင်မောင် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။