ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းသမ္မတ ဗလိုဒီမာ ဇယ်လန်းစကီးနဲ့ အနီးကပ်ဆုံး ဆက်သွယ်ရေးရှိနေကြောင်း ပြောဆိုခဲ့ပြီး ယူကရိန်းအစိုးရနဲ့ ပြည်သူတွေရဲ့ “ပြောင်မြောက်တဲ့ ရဲရင့်မှုနဲ့ မျိုးချစ်စိတ်” ကို ချီးကျူးကြောင်း ပြောဆိုခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံက လမ်းတွေနဲ့ ကွင်းပြင်တွေပေါ်မှာ ဖြစ်ပေါ်လာတာတွေဟာ ဝမ်းနည်းစရာကြီးတစ်ခု ဆိုတာထက် နည်းနည်းလေးမှ မလျော့ပါဘူး” လို့ ဂျွန်ဆင်က ပြောဆိုခဲ့ပြီး ဒီလို ဥရောပတိုက်ရဲ့ သွေးစွန်းမှုမျိုးကို မမြင်ခဲ့ရတာ မျိုးဆက်တစ်ခုမက ကြာခဲ့ပြီလို့ မှတ်ချက်ချပါတယ်။
ဒါ့အပြင် သူက “ကိုယ့်တိုင်းကိုယ့်ပြည်ကို မလျော်မကန် စော်ကားထိပါးခံရတာကို ရင်ဆိုင်နေရတဲ့ ယူကရိန်း မောင်နှမသားချင်းတွေနဲ့ ယူကေပြည်သူတွေက အတူရပ်တည်နေပါတယ်” လို့ အားပေးခဲ့ပြီး ရုရှားပြည်သူတွေကိုလည်း “ဒီလိုကျူးကျော်မှုမျိုးကို ဆန့်ကျင်ကြပါ။
ဒါဟာ ယူကရိန်းအတွက်သာမက ရုရှားအတွက်လည်း ဝမ်းနည်းရမယ့် ကိစ္စတစ်ခုဖြစ်တယ်” လို့ သတင်းစကားပါးခဲ့ပါတယ်။ ပြီးတော့ ဂျွန်ဆင်က ရုရှားဘာသာနဲ့ “ဒီစစ်ပွဲထဲမှာ ခင်ဗျားတို့နာမည် မပါဘူး (ခင်ဗျားတို့ဆန္ဒကြောင့် ဖြစ်တာမဟုတ်ဘူး) လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ထည့်ပြောခဲ့ပါတယ်။
ဗြိတိန်နိုင်ငံဟာ ရုရှားကုမ္ပဏီတွေနဲ့ ရုရှားအစိုးရနဲ့ နီးစပ်တဲ့ သူဌေးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ ဒါ့အပြင် ရုရှားသမ္မတ ပူတင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဗရော့ဗ်တို့ကို အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့နဲ့အတူ ဒဏ်ခတ်ပိတ်ဆို့မှုမှာလည်း ပါဝင်နေပါတယ်။