သီပေါစစ်ရှောင် ကလေး ၁၀၀ အနွေးထည်ဝယ်ယူဖို့ ICRC ငွေကြေးထောက်ပံ့

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးသင့်ကလေး ၁၀၀ အနွေးထည်ဝယ်ယူနိုင်ဖို့အတွက် ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ The International Committee of the Red Cross (ICRC)က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
သီပေါမြို့နယ် ကျေးရွာငါးရွာက လူ ၃၀၀ ကျော်ဟာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သူတို့တွေဟာ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ယာယီနေထိုင်နေကြရကာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ညအချိန်မှာ ရာသီဥတုအေးတာကြောင့် ICRCဟာ ရှမ်းပြည်မြောက်ပိုင်း ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနဲ့ အတူ ကလေးတွေအတွက် အနွေးထည်ဝယ်ယူရာမှာသုံးနိုင်ဖို့ မိသားစုတွေကို ငွေကြေးထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ပြီးကလေးငယ်တွေနွေးထွေးဖို့ မျှော်လင့်တယ်လို့ လားရှိုးမြို့က ICRCဝန်ထမ်း အိုက်နောင့်က ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခဟာ လူတိုင်းအပေါ် သက်ရောက်မှုရှိပေမဲ့ကလေးတွေဟာ တခြားသူတွေထက် ဆုံးရှုံးနစ်နာမှုကို ပိုမိုခံစားရနိုင်တယ်လို့ ICRC ကဆိုပါတယ်။
နေရပ်စွန့်ထွက်ပြေးလာသူတချို့ဟာ ဖိနပ်ယူဖို့တောင်အချိန်မရခဲ့ဘူးလို့ အိုက်နောင့်က ဆိုပါတယ်။