အာဆီယံအထူးသံရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝထောက်ခံကြောင်း မလေးရှားဝန်ကြီးချုပ်ပြော

Photo- AFP
မလေးရှားနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ခန့်အပ်ထားတဲ့ အာဆီယံအထူးသံတမန်ရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝ ထောက်ခံတယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ရာကွတ်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဖေဖော်ဝါရီလ ၂၄ ရက် က ဖနွမ်းပင်မြို့မှာ တွေ့ဆုံပြီးနောက် ကြေညာ ချက်ထုတ်ပြန်ရာမှာ အဲဒီလိုဖော်ပြထားတယ်လို့ AP သတင်းကဖော်ပြပါတယ်။
အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို ဝန်ကြီးချုပ်နှစ်ဦးစလုံးက ထောက်ခံတယ်လို့လည်းဆိုပါတယ်။
မြန်မာ့အရေးအာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးပရက်ဆွန်ခွန်းဟာ မြန်မာ့အရေး ကြားဝင်ဖြေရှင်းဖို့ NUG အစိုးရနဲ့ တွေ့ဆုံလိုကြောင်း အကြမ်းဖက်စစ်အုပ်စုထံ ပန်ကြားချက်ကို မကြာသေးမီက မင်းအောင်လှိုင်က ပယ်ချခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအပေါ်အများကြီးမျှော်လင့်ထားလို့မရဘူးလို့ NUGအစိုးရရဲ့ အာဆီယံ ဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်က ပြောခဲ့သလို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာ အလုပ်ဖြစ်နိုင်မယ့်နည်းနာတွေ ထည့်သွင်းဖော်ဆောင် ခြင်းမရှိပါက အောင်မြင်မှာမဟုတ်ဘူးလို့ လည်း ဆိုပါတယ်။
မလေးရှားနိုင်ငံဟာ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ခိုင်မာပြတ်သားစွာရပ်တည်နေပေမဲ့ ကမ္ဘောဒီးယားရဲ့ရပ်တည်ချက်ကတော့ မင်းအောင်လှိုင်အပေါ် အလျှော့ပေးဆက်ဆံရေးပုံစံရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ကြပါတယ်။