အကြမ်းဖက် စစ်တပ်အတွင်း မသင်္ကာသူတွေရဲ့ ဖေ့စ်ဘွတ်ခ်ကို စစ်ဆေးနေ

Photo- Reuters
အကြမ်းဖက်စစ်တပ်အတွင်း မသင်္ကာသူတွေရဲ့ ဖေ့စ်ဘွတ်ခ်ကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက် စစ်တပ်ကနေ ထွက်ပြေးသူ များလာခြင်းနဲ့ တပ်တွင်းသတင်းပေါက်ကြားမှု များလာခြင်းအရ ဖရဲသီးစစ်ဆင်ရေးလို့ဆိုပြီး တပ်ရင်းအလိုက် ဆောင်ရွက်မှုတွေရှိလာတယ်လို့ သိရပါတယ်။
‘စစ်တပ်ထဲမှာ အပြန်အလှန် မယုံကြည်မှုတွေ တိုးလာတယ်။ သတိထား စောင့်ကြည့်တာမျိုးတွေကို စစ်သားတင်မကဘူး။ မိသားစုဝင်တွေကိုပါ စောင့်ကြည့်တယ်။ တပ်မှူးတွေဘာတွေက မင်းအောင်လှိုင်မျိုး စိတ်ဆိုရင်တော့ သူတို့မသင်္ကာတဲ့လူရဲ့ ဖေ့စ်ဘွတ်ခ်ကို စစ်တာမျိုးတွေ ရှိတယ်။စစ်တပ်ထဲ အပြတ်ရှင်းပစ်တဲ့ သဘောပဲ’ လို့ သူကပြောပါတယ်။
ဒါ့အပြင် စစ်တပ်တွင်း ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေအပေါ်အခြေခံကာ ဖရဲသီးလို့ စွပ်စွဲမှုတွေ၊ ပစ်စာပေးပို့တာတွေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။
‘တပ်ထဲမှာက ညီညွတ်ရေးဆိုတာမျိုးက မရှိတော့ဘူး။ သူတို့မသင်္ကာတဲ့ လူတွေကို အပြတ်ဖြိုမယ့် သဘောရှိတယ်။စစ်တပ်အပြင်က လူတွေနဲ့ ဆက်ဆံတာကိုတောင် သတိထား စောင့်ကြည့်တာမျိုးတွေ ရှိနေတယ်’ လို့ သူကဆက်ပြောပါတယ်။
အကြမ်းဖက်တပ်အတွင်း နားရက်မရှိ လုပ်နေရခြင်း၊သေဆုံးနဲ့ ဒဏ်ရာရသူ နေ့စဉ်များပြားနေခြင်း၊ မဝရေစာသာရရှိနေခြင်းနဲ့ စစ်တပ်တွင်း အလုံပိတ်သဖွယ် ပိတ်မိနေခြင်းတို့အရ စိတ်ဓာတ်ကျဆင်းသူတွေလည်း များလာတယ်လို့ သိရပါတယ်။
‘အခုက ခွင့်ပေးတာတောင် ကိုယ့်မိဘဆွေမျိုးဆီ မပြန်ရဲကြတော့တဲ့ ဘဝကို ရောက်နေပြီ။ အပြင်ထွက်ရင်လည်း တော်တော်ကြောက်နေကြရပြီ။ စစ်တပ်ထဲမှာလည်း အကြောက်ပေါင်းစုံကို ကြောက်နေကြတာ’ လို့ သူကဆက် ပြောပါတယ်။
စစ်တပ်တွင်း မသင်္ကာသူတွေရဲ့ ဖေ့စ်ဘွတ်ခ်ကို စစ်ဆေးပြီး အရေးယူခံရမှုတွေ ရှိတယ်လို့ ကြားပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ သူကပြောပါတယ်။