KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေး အုပ်ချုပ်နယ်မြေအတွင်းမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စု၊ နယ်ခြားစောင့်တပ် BGFတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO တို့အကြား တိုက်ပွဲပေါင်း ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၂၂၇ ဦးသေဆုံးကာ ၁၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင် ဘားအံမြို့နယ် ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ BGF တွေက ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေအတွင်း ဝင်ရောက်ပြီး ငွေကြေးတောင်းယူတာ အစားအစားနဲ့ ပစ္စည်းတွေကို အတင်းအဓမ္မသိမ်းယူတာတွေ လုပ်ဆောင်ခဲ့ပြီး ရက် ၂၀ အတွင်း ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံပြည်သူတွေဟာ တောတွေအတွင်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။
KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မုန်းမြို့နယ်နဲ့ ဆောထီမြို့နယ်တွေမှာလည်း စစ်အုပ်စုက စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ဘူးသိုမြို့နယ်နဲ့ လူသောမြို့နယ်တွေမှာ စစ်အုပ်စုနဲ့သူတို့လက်အောက်ခံ BGF တွေဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့ပြီး ဒွယ်လိုမြို့နဲ လူသောမြို့တွေမှာ လေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦး အသက်ဆုံးပါးခဲ့ကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ရက် ၂၀ တိုက်ပွဲတွေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ဘက်က ၅ ဦးကျဆုံးခဲ့ရပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။