အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုကြောင်း ပြင်သစ်လွှတ်တော်နှစ်ရပ်စလုံး ဆုံးဖြတ်

Photo- AFP
အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုကြောင်း ပြင်သစ်လွှတ်တော် နှစ်ရပ်စလုံးက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြင်သစ်အောက်လွှတ်တော်ရဲ့ လွှတ်တော်အမတ် ၅၇ ဦးစလုံးက တညီတညွတ်တည်း အဲဒီလိုဆုံးဖြတ်ခဲ့သလို ပြင်သစ်အထက်လွှတ်တော်ကလည်း မြန်မာစစ်အုပ်စုကို အသိအမှတ် မပြုကြောင်း ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း NUG အစိုးရရဲ့ လူ့အခွင့်အရေးရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်အောက်လွှတ်တော်ရဲ့ ဒီကနေ့ဆွေးနွေး ဆုံးဖြတ်ချက်မှာ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ် စားလှယ်တွေကိုသာ အားပေးထောက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
‘ခုလို အထက်လွှတ်တော်ရော အောက်လွှတ်တော်ရော စကစကို လုံးဝအသိအမှတ်မပြုကြောင်း ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့တာကိုကြည့်ရင် ပြင်သစ်လွှတ်​တော်နှစ်ရပ်လုံးရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် ရပ်တည်မှုကို ထင်ထင်းရှားရှားမြင်နိုင်ပါတယ်’ လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
ဆွေးနွေးသွားကြတဲ့ အောက်လွှတ်တော် အမတ်အများစုဟာ NUG သာ မြန်မာပြည်သူတွေရဲ့ အစိုးရဖြစ်ပြီး NUG ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ဝိုင်းတိုက်တွန်းပေးကြသလို မြန်မာပြည်သူတွေရဲ့ မြန်မာ့ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကြိုးစားနေမှုတွေကို အသိအမှတ်ပြု​ကြောင်း ​ပြောဆိုသွားကြတယ်လို့လည်း သိရပါတယ်။