ရာဇဝတ်မှု ကျူးလွန်သူတိုင်းကို တရားဥပဒေအရ အရေးယူနိုင်ဖို့ အဆုံးထိ ဆောင်ရွက်သွားမယ်လို့ ဦးအောင်မျိုးမင်းပြော

NUG အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ပြီးရာဇ၀တ်မှု ကျူးလွန်သူတိုင်းကို တရားဥပဒေအရ အရေးယူနိုင်ဖို့အဆုံးထိ ဆောင်ရွက်သွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက Delta News Agency ကိုပြောပါတယ်။
မြန်မာနိုင်ငံ အပေါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ကြားနာခဲ့ပါတယ်။ မနေ့က ၂၃ ရက်နေ့ မှာ ဂမ်ဘီယာနိုင်ငံဘက်က လျောက်လဲခဲ့တဲ့နေ့မှာ ဦးအောင်မျိုးမင်းက ခုလိုပြောခဲ့တာပါ။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှာ မြန်မာနိုင်ငံသားတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်မခံကြောင်း နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေက စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက NUG ကိုတရား၀င်ကြောင်း အသိအမှတ်ပြုဖို့ အရေးလုပ်ဆောင်နေတာမဟုတ်ပဲ ICJ တရားရုံးရဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်ခံကြားနာခွင့်ပြုတဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တာသာဖြစ်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ အနေနဲ့ လူမျိုးတုံးစေခဲ့တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးကို ဦးတိုက်လျောက်ထားခဲ့တဲ့အတွက် အခုလို တရားရင်ဆိုင်နေရတာပါ ။