သမ္မတပူတင်က ရုရှားတပ်တွေကို ယူကရိန်းနယ်မြေထဲကို ဝင်ဖို့ အမိန့်ပေးလိုက်ချိန်မှာပဲ ယူကရိန်းသမ္မတ ဇေလန်စကီက သူ့အနေနဲ့ ဘယ်အရာကိုမှ မကြောက်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ယူကရိန်းထဲက ရုရှားကျောထောက် နောက်ခံပြု သူပုန်တွေ ထိန်းချုပ်ထားရာ ဒွန်းညက်စ်နဲ့ လုဟန့်စ် ဒေသ ၂ ခုကို လွတ်မြောက်နယ်မြေအဖြစ် အသိအမှတ်ပြုတဲ့ အမိန့်ကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ လက်မှတ် ရေးထိုးလိုက်ပါတယ်။
အဲဒီ သမ္မတ အမိန့်ထဲမှာ ရုရှားတပ်ဖွဲ့တွေဟာ အဲဒီ ယူကရိန်း နယ်မြေတွေထဲမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ကြမယ် ဆိုပြီး ဖော်ပြထားပါတယ်။
အမေရိကန် ၊ ကုလသမဂ္ဂနဲ့ အီးယူ စတဲ့အဖွဲ့တွေကတော့ ရုရှားရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
သမ္မတပူတင်ရဲ့လုပ်ရပ်ဟာ ယူကရိန်းရဲ့ အခြုပ်အချာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ချိုးဖောက်ရုံသာမက ကုလသမဂ္ဂ အခြေခံ ပဋိညာဥ်ကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ ကုလဆိုင်ရာ ယူကရိန်းသံအမတ် Sergiy Kyslytsya က ပြောပါတယ်။