ပူတင်က ရုရှားတပ်တွေကို ယူကရိန်းနယ်မြေထဲ ဝင်ရောက်ခွင့်ပြုလိုက်

ရုရှားသမ္မတ ပူတင်ဟာ အနောက်အင်အားစုရဲ့ ဖိအားပေးမှုတွေကို ပယ်ချပြီး ရုရှားတပ်တွေကို ယူကရိန်းနယ်မြေထဲ ဝင်ရောက်ဖို့ ခွင့်ပြုလိုက်ပါပြီ။

ယူကရိန်းထဲက ရုရှားကျောထောက် နောက်ခံပြု သူပုန်တွေ ထိန်းချုပ်ထားရာ ဒွန်းညက်စ်နဲ့ လုဟန့်စ်  ဒေသ ၂ ခုကို  လွတ်မြောက်နယ်မြေအဖြစ် အသိအမှတ်ပြုတဲ့ အမိန့်ကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လက်မှတ် ရေးထိုးလိုက်ပါတယ်။

အဲဒီ သမ္မတ အမိန့်ထဲမှာ ရုရှားတပ်ဖွဲ့တွေဟာ အဲဒီ ယူကရိန်း နယ်မြေတွေထဲမှာ  ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ကြမယ် ဆိုပြီး ဖော်ပြထားပါတယ်။ 

၂၀၁၄ ခုနှစ်ကတည်းက ရုရှားကျောထောက်နောက်ခံပြု သူပုန်တွေ ချုပ်ကိုင်ထားတဲ့ နယ်မြေနှစ်ခုကို အခုလို  အသိအမှတ်ပြုတဲ့ ကြေညာချက် ထွက်လာပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြါတယ်။ တချိန်တည်းမှာပဲ  အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က  ရုရှားအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မယ်လို့ ကတိပေးခဲ့ပါတယ်။

ရုပ်သံမိန့်ခွန်းမှာ ပူတင်က အဲဒီ နယ်မြေတွေဟာ အရင်ကတည်းက ရုရှားရဲ့ နယ်မြေ အစိတ်အပိုင်းတွေ ဖြစ်ကြတယ်လို့ ဆိုပြီး လက်ရှိ ယူကရိန်း အစိုးရဟာ နိုင်ငံရပ်ခြား အင်အားကြီး နိုင်ငံတွေရဲ့ ရုပ်သေး အစိုးရ သက်သက်မျှသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိမှာ ရုရှား – ယူကရိန်းအရေးနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေး ခေါ်ယူသွားမယ်လို့ သိရပါတယ်။