ယူကရိန်းအရေး အမေရိကန်နှင့်ရုရှား ထိပ်သီးဆွေးနွေးဖို့ရှိ

Photo – Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ထိပ်သီးအဆင့်ဆွေးနွေးဖို့ သဘောတူထားကြကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။

ပြင်သစ်သမ္မတက “ဥရောပ လုံခြုံရေးနှင့် မဟာဗျူဟာမြောက် တည်ငြိမ်ရေး” ခေါင်းစဉ်နဲ့ ဆွေးနွေးကြဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တာဖြစ်ပြီး အိမ်ဖြူတော်က “ကျူးကျော်ဝင်ရောက်မှု မလုပ်ဘူး” ဆိုရင် ဖိတ်ကြားချက်ကို “မူအားဖြင့်” လက်ခံမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

“သံတမန်ရေးအတွက် ကျွန်မတို့ အမြဲအသင့်ရှိနေပါတယ်။ ပြီးတော့ ရုရှားက စစ်ပွဲကိုပဲ ရွေးချယ်မယ်ဆိုရင်တော့ မြန်ဆန်ပြင်းထန်တဲ့ အကျိုးဆက်တွေ သေချာပေါက် ရင်ဆိုင်ရအောင် ချမှတ်ဖို့လည်း အသင့်ပါပဲ” လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ဂျန် ဆာကီက ပြောပါတယ်။

ဒီထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်းတို့က တုံ့ပြန်မှတ်ချက်ပေးတာတော့ မတွေ့ရသေးပါဘူး။ ထိပ်သီးအစည်းအဝေးကို ဘယ်လိုကျင်းပမယ်ဆိုတာနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံကြချိန်ရောက်မှ ဆွေးနွေးညှိနှိုင်းမယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ ရုရှားသံအမတ်ဟောင်း မိုက်ကယ်မက်ဖောကတော့ “ဒီအစည်းအဝေး လုပ်ဖြစ်တယ်ဆိုရင် ယူကရိန်းသမ္မတကိုလည်း ဖိတ်သင့်တယ်” လို့ သူ့ရဲ့ Twitter မှာ ရေးသားထားခဲ့ပါတယ်။