
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး စစ်ပွဲတခုကို ဆင်နွှဲဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတိပေးလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံကို ရောက်ရှိနေချိန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အခုလို ပြောလိုက်တာပါ။
လက်ရှိ အရိပ်အခြေအားလုံးဟာ ပူတင်အနေနဲ့ စစ်ပွဲအတွက် စတင်လုပ်ဆောင်နေပြီလို့ ပြောလို့ရတယ် ယူကရိန်းကို ကျူးကျော်ပြီး မြို့တော်ကိယက်ကို ပတ်ပတ်လည်း ဝိုင်းထားမယ့် ရုရှားရဲ့ ရညွ်ရွယ်ချက်ကို အထောက်အထားတွေက ညွှန်ပြနေတယ်လို့ ဘောရစ်ဂျွန်ဆင်က ဆိုပါတယ်။
ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်က မနေ့က ပြောခဲ့ပါတယ်။
ရုရှား – ယူကရိန်း အရေးနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် လက်ရှိခြိမ်းခြောက်မှုဟာ စစ်အေးကာလထက် ပိုမိုရှုပ်ထွေးပြီး ပိုမိုပြင်းထန်နိုင်တယ်လို့ လုံခြုံရေးညီလာခံမှာ ပြောကြားခဲ့ပါတယ်။
ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ် မြို့လယ်မှာ တနင်္ဂနွေနေ့အစောပိုင်းက ပေါက်ကွဲသံတွေ ကြားရပြီး အခြေအနေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံ အနီး ရိုစတိုဗ် ဒေသမှာ အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် လူထောင်ပေါင်းများစွာဟာ ယူကရိန်းအရှေ့ပိုင်းကနေ ရွှေ့ပြောင်းနေကြရပါပြီ။
ရုရှားနယ်မြေထဲ ရွေပြောင်းလာသူတယောက်စီကို (ဒေါ်လာ ၁၃၀) ပေးဖို့ ပူတင်က ညွှန်ကြားထားပြီး အဲဒီပမာဏဟာ ယူကရိန်းအရှေ့ပိုင်းမှာ ပျမ်းမျှလစာရဲ့ ထက်ဝက်နဲ့ ညီမျှတယ်လို့ သိရပါတယ်။