ရုရှားရဲ့ကျူးကျော်မှုကို ယူကရိန်းနိုင်ငံသားတွေ စိုးရိမ်နေကြချိန်မှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားရဲ့ ထောက်ခံမှုရယူပြီး ခွဲထွက်ရေးတောင်းဆိုနေကြသူတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းတပ်တွေဟာ ပိတ်မိနေကြပါတယ်။
ရှစ်နှစ်ကြာပဋိပက္ခကြောင့် လူပေါင်း ၁၄,၀၀၀ သေဆုံးခဲ့ရပြီး တိုက်ပွဲငယ်ပြီးတွေ့မှုတွေ စိပ်လာတာကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ရုရှားက ဝင်ရောက်စွက်ဖက်လာမှာကို စိုးရိမ်မှုတွေမြင့်မားနေပြန်ပါတယ်။
ဒီသတင်းဆောင်းပါးမှာတော့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ နယ်မြေအခြေအနေ အကြောင်းကို အဓိက တွေ့မြင်ရမှာပါ။
■ ခွဲထွက်ရေးတိုက်ပွဲများ
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ လူထုဆန္ဒပြပွဲတွေကြောင့် ရုရှားနဲ့သင့်မြတ်ခဲ့တဲ့ ယူကရိန်းသမ္မတ ရာထူးကအနားယူလိုက်ရပြီးနောက်မှာ ယူကရိန်းနိုင်ငံပိုင်နက်ထဲက ခရိုင်းမီးယားဒေသကို ရုရှားက သိမ်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ရုရှားဘာသာစကားကို အများဆုံး ပြောဆိုသုံးစွဲကြတဲ့ ယူကရိန်းအရှေ့ပိုင်းက ဒွန်ဘာ့စ်မှာ ခွဲထွက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပေးလာခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဧပြီလထဲမှာ ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ယူကရိန်း ခွဲထွက်ရေးသမားတွေက ဒွန်းနက်စ်ခ်နဲ့ လူးဟန့်စ်ခ်ဒေသထဲက အစိုးရအဆောက်အအုံတွေကို သိမ်းပိုက်ပြီး ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီလို့ ကြွေးကျော်ခဲ့တဲ့အပြင် ယူကရိန်းစစ်တပ်နဲ့ ကိုယ်ထူကိုယ်ထ တပ်ဖွဲ့တွေကို တိုက်ပွဲဆင်ခဲ့ပါတယ်။
နောက်တစ်လမှာတော့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ လူထုထောက်ခံမှုနဲ့ လွတ်လပ်ရေးရကြောင်းနဲ့ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် ခံယူကြောင်း ကြေညာခဲ့ပြန်ပါတယ်။ ဒီအချက်ကို ရုရှားက လက်ခံမှုမပြုခဲ့တာဟာ ယူကရိန်းကို ဆက်ပြီးဩဇာရိပ်မလွတ်အောင် ထားဖို့နဲ့ နေတိုးတပ်ဖွဲ့ထဲ မပါဝင်စေဖို့မျှော်လင့်ချက်ကြောင့်လို့ ယူဆစရာရှိပါတယ်။
ယူကရိန်းနဲ့အနောက်နိုင်ငံတွေကတော့ ခွဲထွက်ရေးသမားတွေကို ရုရှားက စစ်အင်အားနဲ့လက်နက် ထောက်ပံ့ပေးနေတယ်လို့ ဆိုကြပါတယ်။ ရုရှားအစိုးရကတော့ ဒီအဆိုကို ငြင်းဆန်ပြီး ယူကရိန်းအရှေ့ပိုင်းမှာ ကူတိုက်ပေးနေသူတွေဟာ ကိုယ့်ထူကိုယ်ထအဖွဲ့တွေသာဖြစ်တယ်လို့ ဆိုပါတယ်။
တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ စစ်သုံးလေယာဉ်တွေပါ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ၂၀၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ မလေးရှားလေကြောင်းက လေယာဉ်အမှတ် ၁၇ ကို လက်နက်ထိမှန်ပျက်ကျကာ ခရီးသည် ၂၉၈ ဦး သေဆုံးခဲ့ရပါတယ်။ နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရာမှာ ခွဲထွက်ရေးသမားတွေထိန်းချုပ်ထားတဲ့ နယ်မြေထဲကနေ ရုရှားက ထောက်ပံ့ထားတဲ့ ဒုံးလက်နက် ထိမှန်တာကြောင့် လေယာဉ်ပျက်ကျခဲ့ကြောင်းတွေ့ရပေမယ့် ရုရှားအစိုးရကတော့ ဒီကိစ္စမှာ သူပါဝင်စွက်ဖက်တာ မရှိဘူးလို့ ငြင်းပြန်ပါတယ်။
■ ငြိမ်းချမ်းရေးသဘောတူညီချက်
၂၀၁၄ ခုနှစ် ဩဂုတ်လ အီလိုဗိုက်စ်ခ်တိုက်ပွဲမှာ ယူကရိန်းတပ်တွေ အများအပြား အရေးနိမ့်ခဲ့ပြီးနောက် ယူကရိန်းက သံတမန်တွေ၊ ခွဲထွက်ရေးအဖွဲ့တွေနဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(OSCE) တို့ဟာ အိမ်နီးချင်း ဘီလာရုစ်နိုင်ငံရဲ့ မြို့တော် မင့်စ်ခ်မှာ စက်တင်ဘာလထဲမှာ သဘောတူညီချက်တစ်ခုလက်မှတ်ထိုးကြပါတယ်။ အဲဒီသဘောတူညီချက်ထဲမှာတော့ အပြစ်အခတ်ရပ်စဲမှုကို OSEC က စောင့်ကြည့်ဖို့၊ နိုင်ငံခြားတပ်တွေ ရုပ်သိမ်းဖို့၊ အကျဉ်းသားနဲ့ စစ်သုံ့ပန်းလဲလှယ်ဖို့၊ ခွဲထွက်ရေးသမားတွေကို လွတ်ငြိမ်းခွင့်ပြုဖို့နဲ့ ခွဲထွက်လိုတဲ့နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းတာတစ်ခုထိ အာမခံချက်ရှိစေဖို့ ဆိုတာတွေပါဝင်ပါတယ်။
သဘောတူညီချက်ဟာ မကြာခင်ပဲ ပျက်ပြယ်သွားပြီး အကြီးစားတိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့လို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ဒီဘဲလ်တ်ဆီဗီမြို့က ယူကရိန်းစစ်တပ်တွေ အများအပြား အရှုံးနဲ့ရင်ဆိုင်ကြရပြန်ပါတယ်။
ပြင်သစ်နဲ့ဂျာမနီတို့ရဲ့စေ့စပ်ညှိနှိုင်းမှုနဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း မင့်စ်ခ်မြို့မှာပဲ ယူကရိန်း၊ ရုရှားနဲ့ ခွဲထွက်ရေးသမား ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သဘောတူညီမှုအသစ်မှာ လက်နက်ကြီးတွေ ပြန်လည်ဖြုတ်သိမ်းဖို့ကနေ နိုင်ငံရေးသဘောတူညီမှုအထိ အဆင့်ငယ်တွေ ပါဝင်ပါတယ်။ ဒီသဘောတူညီမှုကို ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီတို့ပါ ပါဝင်လက်မှတ်ရေးထိုးကြတာပါ။
■ သက်ဆိုးရှည်နေတဲ့ ပဋိပက္ခတွေ
၂၀၁၅ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်ကြောင့် ယူကရိန်းက ခွဲထွက်ရေးအုပ်စုတွေကို အထူးအဆင့်အတန်းတစ်ခု အသိအမှတ်ပြုဖို့၊ ကိုယ်ပိုင်ရဲတပ်ဖွဲ့ ဖွဲ့ခွင့်ပေးဖို့၊ တရားစီရင်ရေးမှာ ဒေသခံ တရားသူကြီးတွေ ခန့်ခွင့်ပြုဖို့ စတာတွေ ပါဝင်နေတဲ့အတွက် တစ်နည်းအားဖြင့်တော့ ရုရှားက ယူကရိန်းကို သံတမန်နည်းအရ လုပ်ပိုင်ခွင့်တွေ သိမ်းပိုက်သွားတာပါပဲ။ ယူကရိန်းဘက်က ပြန်ရခဲ့တာဆိုလို့ ခွဲထွက်ရေး နယ်မြေတွေထဲက ရုရှားနဲ့ ထိစပ်နေတဲ့ ၁၂၅ မိုင်လောက်ကို ထိန်းချုပ်ခွင့်ပဲ ရှိပါတယ်။ OSCE ရဲ့ စောင့်ကြည့်မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဒေသန္တရရွေးကောက်ပွဲတွေ ကျင်းပပေးရင်လည်း ရုရှားဘက်ယိမ်းတဲ့သူတွေပဲ နေရာရဖို့ ရှိမှာပါ။
ယူကရိန်းပြည်သူအများစုက ဒါဟာ နိုင်ငံတော်အကျိုးစီးပွားကို သစ္စာဖောက်တဲ့လုပ်ရပ်ပဲလို့ ရှုမြင်ကြတာကြောင့် အကောင်အထည်ဖော်ရ ခက်သွားခဲ့ပါတယ်။
မင့်စ်ခ် သဘောတူညီချက်ကြောင့် တိုက်ခိုက်မှုတွေ အပြည့်အဝ ဖြစ်လာတာကို တားနိုင်ပေမယ့် အသေးစား တိုက်ပွဲသဏ္ဌာန် ထိတွေ့မှုတွေကတော့ နယ်စပ်တစ်လျှောက် ဆက်ရှိနေပါတယ်။
မင့်စ်ခ်စာချုပ်အတိုင်း ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်တာနဲ့အတူ ခွဲထွက်ရေးလိုလားတဲ့ ပြည်နယ်တွေက ယူကရိန်းနိုင်ငံရေးမှာ တိုက်ရိုက်လွှမ်းမိုးသက်ရောက်မှု ရှိစေချင်တဲ့ ရုရှားရဲ့ မျှော်လင့်ချက်က ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် သက်ဆိုးရှည်နေတဲ့ ပဋိပက္ခတွေကြောင့် ယူကရိန်းဘက်က အင်အားပြုန်းတီးလာပြီး နေတိုးတပ်ဖွဲ့မှာ ပါဝင်နိုင်ဖို့ ရည်ရွယ်ချက်ကလည်း ထင်တိုင်းမပေါက် ဖြစ်ခဲ့ရပါတယ်။
ရုရှားအစိုးရက ယူကရိန်းရဲ့ ခွဲထွက်လိုတဲ့နယ်မြေတွေမှာ ခြေကုပ်ရဖို့ အဲဒီမှာနေထိုင်သူ ၃ ဒသမ ၆ သန်းထဲက ငါးပုံတစ်ပုံရှိတဲ့ လူဦးရေ ၇၂၀,၀၀၀ အတွက် ရုရှားနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။ ခွဲထွက်ရေးလိုလားတဲ့ ပြည်နယ်တွေကို စီးပွားရေးနဲ့ ငွေကြေးပံ့ပိုးမှုတွေ ပေးခဲ့ပေမယ့် ကြီးမားတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ကာမိဖို့နဲ့ စီးပွားရေးနာလန်ထူဖို့တော့ မလွယ်ရေးချ မလွယ်ပါပဲ။ တကယ်တော့ ဒွန်ဘာ့စ်ပြည်နယ်ဟာ ပဋိပက္ခတွေ မဖြစ်ခင်က ယူကရိန်းစီးပွားရေးမှာ ဂျီဒီပီရဲ့ ၁၆ ရာခိုင်နှုန်းကို ရှာနိုင်ခဲ့တဲ့ ဒေသတစ်ခုပါ။
■ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အသက်ပြန်သွင်းခြင်း
ယူကရိန်းနယ်စပ်မှာ ရုရှားစစ်အင်အားချထားမှုကြောင့် တင်းမာမှုတွေ ပြင်းထန်လာချိန်မှာ ပြင်သစ်နဲ့ ဂျာမနီတို့က ၂၀၁၅ ခုနှစ်က သဘောတူညီချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ လုပ်ဆောင်ချက်အသစ်တွေကို ဖြည့်စွက်ပြီး ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေကြီးကို ကျော်လွှားနိုင်ဖို့ ကြိုးစားကြပါတယ်။ ပြင်သစ်နဲ့ ဂျာမနီက စာချုပ်အကောင်အထည်ဖော်ရေးကို လမ်းကြောင်းပေးပေမယ့် ယူကရိန်းအစိုးရဟာ မင့်စ်ခ်စာချုပ်နဲ့ ပတ်သက်လို့ ဝေဖန်အပြစ်တင် ခံရပြီး တိုင်းပြည်ပျက်မယ်ဆိုတဲ့ သတိပေးခြိမ်းခြောက်မှုတွေကိုပဲ ရင်ဆိုင်နေကြရပါတယ်။
ပါရီနဲ့ ဘာလင်တို့မှာ ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီတို့က သမ္မတအဆင့် အထူးကိုယ်စားလှယ်တော်တွေ ပါဝင်ပြီး ဆွေးနွေးပွဲနှစ်ကြိမ် ထပ်လုပ်ခဲ့ပေမယ့် တိုးတက်မှုမရှိပါဘူး။
ဆွေးနွေးပွဲတွေထဲ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတဲ့ကြားမှာပဲ ရုရှားအောက်လွှတ်တော်က ၂၀၂၂ ဖေဖော်ဝါရီလလယ်မှာ ဒွန်းနက်စ်ခ်နဲ့ လူးဟန့်စ် ပြည်နယ်တွေရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း သမ္မတပူတင်ကို လက်မှတ်ရေးထိုးပေးဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်။ ဒါပေမယ့် ပူတင်က မင့်စ်ခ် သဘောတူစာချုပ်ကို ပျက်ပြားစေမယ့်ကိစ္စမျိုး မလုပ်ချင်ဘူးလို့ ငြင်းခဲ့ပါတယ်။
■ အရှိန်မြင့်တက်လာသောတိုက်ပွဲများ
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဒွန်းနက်စ်ခ်နဲ့ လူးဟန့်စ်တို့မှာ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် လက်နက်ကျည် နယ်ကျော်ကျရောက်တာတွေ ဖြစ်ပွားခဲ့ပြီး ယူကရိန်းတပ်တွေနဲ့ ခွဲထွက်ရေးသမားတွေကြားမှာ တစ်ဖက်နဲ့တစ်ဖက် အပြားလမ်းဆက်ဆံမှုတွေ ရှိနေခဲ့ပါတယ်။
ခွဲထွက်ရေးခေါင်းဆောင်ပိုင်းက ယူကရိန်းအစိုးရတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ် စစ်ထိုးလာတာကြောင့် တန်ပြန်ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းစိုးရကတော့ သူတို့ဘက်က စတင်ပစ်ခတ်ခဲ့တာမရှိဘဲ ခွဲထွက်ရေးသမားတွေကြောင့်သာ အစိုးရထိန်းချုပ်နယ်မြေထဲမှာ လက်နက်ကြီးတွေ၊ စက်လက်နတ်ကျည်တွေ ကျရောက်ခဲ့တာလို့ဆိုပါတယ်။လက်နက်ကျည် ကျရောက်မှုတချို့ကြောင့် စတန်နစ်ရှား လူဟန်စကာမြို့က မူလတန်းကျောင်းတစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး၊ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တဲ့အပြင် မြို့ထက်ဝက် လျှပ်စစ်မီးပြတ်တောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညနေကနေ ၁၇ ရက်နေ့ နံနက် ၁၁း၂၀ အထိ ထိတွေ့မူတိုက်ပွဲတွေကြောင့် ပေါက်ကွဲပစ်ခတ်မှုအကြိမ် ၅၀၀ ကျော်ရှိခဲ့ကြောင်း OSCE စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ယာဆာဟာလစ် ဆီဗစ်က ပြောပါတယ်။ နောက်ထပ် ပစ်ခတ်ပေါက်ကွဲမှု အကြိမ် ၃၀ ကျော် ကြားခဲ့ပြီနောက် တိုက်ခိုက်မှုတွေ အရှိန်လျော့ကျသွားခဲ့ကြောင်း ကုလသမ္မဂလုံခြုံရေးကောင်စီမှာ ဆီဗစ်က တင်ပြခဲ့ပြီး “အရှိန်လျှော့ချနိုင်ဖို့ ချင်ချင်း လိုအပ်နေပြီ” လို့ ဖြည့်စွက်တင်ပြခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။