အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်က အာဆီယံခေါင်းဆောင်တွေကို ဝါရှင်တန်ဒီစီကို ဖိတ်ခေါ်သွားဖို့ ရှိတယ်လို့ အိမ်ဖြူတော် ဒုပြောခွင့်က Karine Jean Pierre က ဖေဖော်ဝါရီလ ၁၇ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းစာဆရာတဦးက အမေရိကန်သမ္မအနေနဲ့ အမေရိကန် – အာဆီယံ ညီလာခံကို လူတွေ့ကျင်းပဖို့ မျှော်လင့်နေသေးလားလို့ မေးမြန်းခဲ့ရာ လာမယ့်လမှာ ကျင်းပမယ့် အဲဒီညီလာခံအတွက် အာဆီံယံခေါင်းဆောင်တွေကို ဖိတ်ကြားဖို့ရှိတယ်လို့ Karine Jean Pierre က ဖြေကြားခဲ့တာပါ။
အမေရိကန်အစိုးရအနေနဲ့ အာဆီယံနဲ့ မိတ်ဖက်ဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်ဖို့နဲ့ အခိုင်အမာဆိုထားတယ် ၊ အင်ဒို – ပစိတ်ဖိဒေသတွင်း လွတ်လွတ်လပ်လပ် ပွင့်လင်းတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ အသေးစိတ်အကြောင်းအရာကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
မနေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ စတင်ကျင်းပခဲ့ပြီး စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာ့အရေးကို အဓိကဆွေးနွေးသွားမယ်လို့ သိရပါတယ်။