ဘရာဇီးမှာ ရေကြီးမြေပြိုလို့ လူတရာကျော်သေဆုံး

ဘရာဇီးနိုင်ငံ ရီယိုဒီဂနေးရိုးပြည်နယ်မှာ မိုးများကြီး ရေကြီးမြေပြိုလို့ လူ ၁၀၄ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ပြောပါတယ်။

ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် အိမ်ပေါင်း ၅၄လုံးထက်မနည်း ပျက်စီးခဲ့ပြီး လူပေါင်း ၃၇၀ ကျော် ဘေးလွတ်ရာရွေ့ပြောင်းခဲ့ကြရပါတယ်။

ဒီဒေသမှာ ၁၉၃၂ ကတည်းက အဆိုးရွားဆုံး မိုးရွာသွန်းမှုဖြစ်တယ် ဦ ရေဘေးသင့်ပြည်သူတွေကို လာမယ့် သတင်းပိတ်အထိ လူမှုအကူအညီတွေ ပေးအပ်သွားဖို့ မျှော်မှန်းထားတယ်လို့ ရီယိုဒီဂနေရိုး မြို့တော်ဝန် Claudio Castro က သတင်းထောက်တွေကို ပြောပါတယ်။ 

မီးသတ်သမား ၄၀၀ ကျော်အင်အားနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ လူပေါင်း ၃၅ ယောက် ပျောက်ဆုံးနေသေးတယ်လို့ သိရပေမယ့် အာဏာပိုင်တွေဘက်ကတော့ အရေအတွက်အတိအကျကို မထုတ်ပြန်သေးပါဘူး။

လက်ရှိမှာ ဘရာဇီးအာဏာပိုင်တွေက အရေးပေါ်အခြေအနေကြေညာထားပြီး အန္တရာယ်ကျရောက် နိုင်တဲ့ ဒေသက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရွေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။

ဘရာဇီးနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကလည်း ဆိုးဆိုးရွားရွားရေကြီးမှုဖြစ်လို့ လူပေါင်း ၉၀၀ ကျော်သေဆုံးခဲ့ပြီး လူတရာကျော် ပျောက်ဆုံးခဲ့ရပါတယ်။