မြန်မာ့အရေး အကြမ်းဖက်မှုလျှော့ချနိုင်ဖို့ အရေးကြီး

မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ဖို့ရာ အကြမ်းဖက်မှုလျှော့ချရေးဟာ အရေးကြီးတဲ့အကြောင်း အာဆီယံအထူးသံတမန် နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးထားကြတယ်လို့သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး မြန်မာ့အရေး အာဆီယံ အထူးသံတမန်လည်းဖြစ်တဲ့ ပရက်ဆော့ခွန်းနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ အွန်လိုင်းကနေ တွေ့ဆုံစဉ် အဲဒီလို ဆွေးနွေးခဲ့ကြတယ်လို့ BBC ကဖော်ပြပါတယ်။
မြန်မာ့အရေးဖြေရှင်းမှုမှာ အကြမ်းဖက်မှုလျှော့ချပြီး ယုံကြည်မှုတည်ဆောက်နိုင်မှသာ သက်ဆိုင်ရာ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုပေါ်လာနိုင်မှာကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေး သုံးသပ်သူတစ်ဦးက ‘အကြမ်းဖက်မှုကို လျှော့ချလိုရင် နံပါတ်တစ်လုပ်ရမှာက အခုလတ်တလော စစ်ကိုင်းတိုင်းအတွင်း မင်းအောင်လှိုင်တပ်တွေ ထင်ရာစိုင်းနေတဲ့ ရွာထဲဝင်လု၊ ရွာကိုမီးရှို့၊ တွေ့တဲ့လူဖမ်း သတ်ဖြတ်နေတာတွေကို အဲဒါတွေဟာ အကြမ်းဖက်မှုတွေဖြစ်တယ်။ အဲဒါတွေကို မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်ဆိုတာမျိုးလောက် အာဆီယံအနေနဲ့ အရင်စပြောရဲဖို့လိုမယ်’လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က ကျေးရွာကိုကျေးရွာမှန်း သိလျက်နဲ့ လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ ဒီဇင်ဘာ ၂၄ ရက်နေ့ ၊ ဖရူဆိုမြို့နယ်အတွင်း အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျိုးဟာ အာဆီယံမူ ၅ ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး အဲဒီလိုလုပ်ရပ်တွေအပေါ် အာဆီယံအနေနဲ့ မသိချင်‌ယောင် ဆောင်ခဲ့ခြင်းဟာ အကြမ်းဖက်မှုတွေ လျှော့ချရေးအတွက် ဖော်ဆောင်ရခက်ခဲလိမ့်မယ်လို့ သူကဆက်ပြောပါတယ်။
အာဆီယံအထူးသံက သူ့ရဲ့မြန်မာ့ပထမဆုံး ခရီးစဉ်မှာ ဦးစားပေးလုပ်ဆောင်မယ့် ကိစ္စတွေကို ဆွေးနွေးထားသလို အာဆံအတွင်းရေးမှူးချုပ်ကလည်း အထူးသံရဲ့ခရီးစဉ်အတွက် လိုအပ်တဲ့အကူအညီပေးဖို့ အသင့်ရှိတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ BBC ကဆိုပါတယ်။
အာဆီယံ အလျည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဒီနှစ်ရဲ့ ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာ ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၁၇ အထိ ကျင်းပနေပါတယ်။