မင်းကင်းမှာ မိုင်းရှင်းလူသားဒိုင်းအဖြစ် အကြမ်းဖက်တပ် ဖမ်းသွားသူ ၃၅ ဦး ရွာပြန်ရောက်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဘင်ရွာကနေ မိုင်းရှင်းလူသားဒိုင်းအဖြစ် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားသူ ၃၅ ဦး ရွာပြန်ရောက်ပြီလို့ သိရပါတယ်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူတွေထဲမှာ အသက် (၈၀) ကျော်တွေ၊ လေဖြန်းနေသူတွေ နဲ့ အမျိုးသမီးတွေ ပါဝင်ပြီး (၃) ညအိပ် (၄) ရက် ဆင်းဆင်းရဲရဲ နေခဲ့ကြတယ်လို့ မြစ်ရိုးအောက်ပိုင်းဒေသ ပြောက်ကျားအဖွဲ့က ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို ဆူးထူတဲ့တောမှာ မိုင်းရှင်းတဲ့သဘောနဲ့ ရှေ့ကနေသွားခိုင်းပြီး အသက်ကြီးတဲ့သူ တွေတချို့ ဖိနပ်မပါဘဲ သွားကြရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို အောက်ကြမ်းခင်း အကျဲခင်းထားတဲ့ စက်လှေပေါ်တင်ခေါ်သွားပြီး မိုးကာနဲ့အုပ်ထားတဲ့အပြင် ညဘက်မှာလည်း စက်လှေကြမ်းခင်းကကျဲတဲ့အတွက် အအေးဒဏ်ကို တောက်လျှောက်ခံစားခဲ့ကြရတယ်လို့ သိရပါတယ်။
လူသားဒိုင်းအဖြစ် တခြားအောက်ပိုင်းရွာတွေကနေ ဖမ်းဆီးခဲ့သူတွေလည်းရှိပြီး သူတို့ကို ပြန်မလွှတ်သေးဘူးလို့သိရပါတယ်။
စဖမ်းကတည်းက (၅) ယောက်စီခွဲပြီး မိုးကာနဲ့အုပ် ခေါ်ဆောင်သွားတာကြောင့် အခြားအောက်ရွာတွေက ဖမ်းဆီးခဲ့သူအရေအတွက်ကိုတော့ မသိရဘူးဆိုကြောင်း မြစ်ရိုးအောက်ပိုင်းဒေသပြောက်ကျား အဖွဲ့က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ တွေ ရဲ့ စက်လှေတွေ ဟာဖေဖော်ဝါရီလ ၈ ရက်က အထက်ကို ဆန်သွားတယ်လို့သိရပါတယ်။