ပြင်သစ်သမ္မတနဲ့ ဆွေးနွေးမှု ရှေ့ဆက်လုပ်ဆောင်ဖို့ စိတ်ကူးကောင်းတွေရနိုင်တယ်လို့ ပူတင်ပြော

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ကရင်မလင်ကို သွားရောက်တွေ့ဆုံပြီးနောက်မှာ ရုရှားသမ္မတ ပူတင်က ဒီတွေ့ဆုံမှုဟာ အသုံးဝင်ပြီး တချို့ ဆွေးနွေးချက်တွေအရ ရှေ့ဆက်လျှောက်လှမ်းရနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ယူကရိန်းနယ်စပ်တလျှောက် ရုရှားရဲ့ တပ်ဖြန့်ချထားမှုတွေကြောင့် ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံတွေကြား တင်းမာမှုတွေ ပေါ်ပေါက်နေခဲ့ချိန်မှာ ပြင်သစ်သမ္မတ မက်ခရွန်က ပူတင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပစဉ်မှာ အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
အဲဒီနောက် သမ္မတ မက်ခရွန်ဟာ ယူကရိန်းခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံကြောင်းလည်း သိရပါတယ်။
သူ့စိတ်ကူးစိတ်သန်းနဲ့ အကြံပြုချက်တချို့ကို ခုချိန်မှာ ထုတ်ပြောဖို့တော့ စောပါသေးတယ်။ အဲဒါတွေက ရှေ့ဆက်လျှောက်လှမ်းဖို့ အခြေခံတွေတော့ ဖြစ်နိုင်ပါတယ် လို့ ရုရှားသမ္မတ ပူတင်က ပြောဆိုခဲ့ပြီး သမ္မတမက်ခရွန် ယူကရိန်းကပြန်တဲ့အခါမှာလည်း အမြင်ချင်း ထပ်ဖလှယ်ကြဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။