တစ်လကျော်အတွင်း စစ်အုပ်စုများစွာကို ဗမာ့ပြည်သူ့လွတ်မြောက်ရေး တပ်မတော် သုတ်သင်နိုင်ခဲ့တယ်လို့ဆို

ဖက်ဆစ် စစ်အုပ်စုကို တော်လှန်နေတဲ့ တော်လှန်စစ်ထဲမှာ တိုက်ပွဲများ စတင်ပါဝင်ဆင်နွှဲပြီးနောက် တစ်လကျော်ကာလအတွင်း ဗမာ့ပြည်သူ လွတ်မြောက်ရေးတပ်မတော် BPLA ဟာ ရန်သူများစွာကို သုတ်သင်နိုင်ခဲ့ပြီး BPLA ရဲဘော်တစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ BPLA ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဗမာ့လွတ်မြောက်ရေး တပ်မတော်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် အပါအဝင် EROs တွေရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်ကနေ ဖက်ဆစ် စစ်အုပ်စုကို တော်လှန်တိုက်ပွဲ ဝင်နေခဲ့တာ တစ်လကျော် ရှိခဲ့ပြီလို့ BPLA က ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲတွေ အတွင်း BPLA ဟာ ရန်သူများစွာကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုထားပြီး BPLA ရဲဘော်များထဲမှ အသက် ၁၈ နှစ်အရွယ် ရဲဘော်တစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရကာ အခြားရဲဘော်တစ်ဦး မိုင်းထိလို့ မစိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
BPLA ဟာ လက်ရှိအချိန်ထိ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ နှစ်ကြိမ် ပြုလုပ်ထားခဲ့ပြီး စစ်အာဏာရှင်ကို တော်လှန်မယ့် လူငယ်များစွာနဲ့အတူ ဖွဲ့စည်းထားတဲ့ တော်လှန်ရေးအင်အားစုတစ်ခုဖြစ်ပါတယ်။