ရွှေဘိုမှာ စစ်ကား၂ စီး ၂ ကြိမ်ဆက် မိုင်းဆွဲခံရ၊ ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကား ၂ စီးကို ၂ ကြိမ်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ် ပေါက်ချိုင်ရွာနဲ့ ဇီးဖြူကုန်းရွာအကြား တည်သီးတော တပ်ကနေထွက်လာတဲ့ စစ်ကားနှစ်စီးကို C&T Shwebo၊ Snake Eyes PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေက ပထမအကြိမ် ဖေဖေါ်ဝါရီ ၂ ရက်နေ့ ၁၁ နာရီ ၁၅ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက် အကြမ်းဖက်စစ်တပ်ဟာ ရှေ့ဆက်တိုးလာတာကြောင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ Snake Eyes PDF က ယမန်နေ့ညက သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။
ရွှေဘိုအခြေစိုက်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုထောက်တိုင်တွေဖြစ်တဲ့ ပျူစောထီးနဲ့သတင်းပေးတွေကို ရှင်းလင်းသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်။