Silent Strike မလုပ်ဆောင်ဖို့ စျေးသည်တွေကို လိုက်လံခြိမ်းခြောက် လက်မှတ်ရေးထိုးခိုင်းနေတဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ် စည်ပင်သာယာရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အဆောက်အဦး အနည်းငယ်ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ကသာမြို့ လမ်းမတော်လမ်းမမှာရှိတဲ့ စည်ပင်ရုံးအတွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ရုံးအဆောက်အဦး ထိခိုက်ပေမဲ့ လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုဟာ စည်ပင်ရုံးခန်းအတွင်းမှာရှိတဲ့ အင်ဂျင်နီယာမှူးရဲ့ အခန်းတွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ရုံးအဆောက်အဦးနဲ့ ပြတင်းမှန်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကသာမြို့ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားခဲ့ပါတယ်။
ကသာမြို့နယ် စည်ပင်သာယာရုံးက ဝန်ထမ်းတွေဟာ ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ ပြုလုပ်မဲ့ Silence Strike မှာ စျေးသည်တွေ မပါဝင်အောင်လို့ ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အခုလို ဖောက်ခွဲခံရတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
Source- MFP