အာဏာရှင်တွေရဲ့အယောင်ဆောင်စက်ဘီးပြိုင်ပွဲမှာ မန်းစက်ဘီးဝါသနာရှင်တွေဝင်ပြိုင်မှာမဟုတ်

ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ မန္တလေးမြို့မှာ ပြုလုပ်မယ့် စက်ဘီးပြိုင်ပွဲကို မန္တလေး စက်ဘီးဝါသနာရှင်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အဲဒီစက်ဘီးပြိုင်ပွဲကို မွန်းလွဲ ၂ နာရီခွဲမှ စတင်ပြုလုပ်မှာဖြစ်သလို ရိုးရိုးစက်ဘီးနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
‘ပုံမှန်လုပ်ရိုးလုပ်စဉ်ပွဲမျိုးလည်း မဟုတ်ဘူး။ ၁ ရက်နေ့ အသံတိတ်သပိတ်ကို ချေဖျက်ချင်လို့ စက်ဘီးပြိုင်ပွဲလုပ်တာ။ ကျွန်တော်တို့ စက်ဘီးဝါသနာရှင်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖြစ်မှာ မဟုတ်ဘူး’ လို့ မန္တလေးမြို့နေ ဆုရစက်ဘီးသမားတစ်ဦးက ပြောပါတယ်။
စက်ဘီးပြိုင်ပွဲတွေကို မနက်ခင်းပိုင်းသာ ပြုလုပ်လေ့ရှိပြီး ရိုးရိုးစက်ဘီးနဲ့ ပြိုင်ပွဲဝင်လို့ရတယ်ဆိုတာလည်း တစ်ခါမှမကြားဖူးခဲ့ကြောင်း စစ်ကိုင်းအခြေစိုက် စက်ဘီးဝါသနာရှင် တစ်ဦးက ပြောပါတယ်။
‘အခုဟာကတော့ သိသာထင်ရှားတာပေါ့နော်။ကျွန်တော်တို့ စက်ဘီးသမားတွေ အမြင်မှာ ဒါကြီးဟာ တော်တော့်ကို ရုပ်ပျက်ပါတယ်’ လို့ ဆုရစက်ဘီးသမားက ဆိုပါတယ်။
အဲဒီစက်ဘီးပြိုင်ပွဲကြော်ငြာ ထွက်ပေါ်လာချိန်မှာ အသံတိတ်သပိတ်ကို အကြောက်ကြီးကြောက်နေတဲ့ စစ်အုပ်စုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပြည်သူတွေပွဲကျခဲ့ကြပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အသံတိတ်သပိတ်ကို အကြောက်ကြီးကြောက်နေတာကြောင့် ငွေကုန်ကြေးကျခံကာ အယောင်ဆောင် စက်ဘီးပြိုင်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ပြိုင်ပွဲပထမဆုကို ၁၅ သိန်းအထိ ပေးထားတဲ့အတွက် အယောင်ဆောင်ဝင်ပြိုင်တဲ့သူတွေလည်း ရှိနိုင်ကြောင်း မန္တလေးမြို့နေ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။
‘မန္တလေးစက်ဘီးလောကကတော့ ရဲရဲတောက်တွေပါ’ လို့ သူကထပ်ပြောပါတယ်။