ဒါဖာဒေသ ပဋိပက္ခသစ်တွေကြောင့် လူတစ်သောင်းခွဲခန့် နေရပ်ရွှေ့ပြောင်းကြရ

ဆူဒန်ဒေသမှာ ထပ်မံပေါ်ပေါက်လာတဲ့ မျိုးနွယ်စုတွေအကြား ပဋိပက္ခကြောင့် အိမ်နီးချင်း ချက်ဒ်နိုင်ငံကို ဒါဖာဒေသခံ ထောင်သောင်းချီပြီး ရွှေ့ပြောင်းနေရပါတယ်။ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပြီး လူတစ်သောင်းခွဲလောက် နေရပ်ရွှေ့ပြောင်းခဲ့ရတာလို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။
မြို့တော် အယ်လ် ဂျနိုင်နာအနီးရှိ မာဆာလစ်မျိုးနွယ်နဲ့ အာရပ်နော်မက်ဒ်အုပ်စုတွေထဲက လူနှစ်ဦးကြား ပုဂ္ဂလိက မကြေလည်မှုတွေကနေ ပဋိပက္ခသစ်စတင်ခဲ့တာပါ။ လက်နက်ကိုင် အာရပ် နော်မက်ဒ်အုပ်စုတွေက ဒေသဈေးတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရွာရဲ့ တစ်စိတ်တစ်ပိုင်းကို မီးရှို့ခဲ့ကြရာက ကလေးငယ် နှစ်ဦးအပါအဝင် လူကိုးဦး သေဆုံးခဲ့ရပါတယ်။
ဒီရန်ပွဲရဲ့ နောက်ဆက်တွဲအဖြစ် လူလေး‌ထောင်ကျော်ဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချက်ဒ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေ အစောပိုင်းကတည်းက ပဋိပက္ခတွေရှိနေခဲ့တဲ့ ဒါဖာဒေသ ဒုက္ခသည်စခန်းတွေမှာ နဂိုကတည်းက လူဦးရေ နှစ်သန်းကျော် ခိုလှုံနေခဲ့ကြတာပါ။
ပြီးခဲ့တဲ့နှစ်ကတည်းက ဒါဖာမှာ ပဋိပက္ခတွေ ပြန်လည်ပေါ်ပေါက်ခဲ့ပြီး ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေကို လက်နက်ကိုင် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ မကြာခဏရှိခဲ့ပါတယ်။