ပျက်စီးနေတဲ့ ဝက်လက်ကတံတား တော်လှန်ရေးရဲဘော်တွေ ဖာထေးပြုပြင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမရိုးရွာက ပျက်စီးအိုဟောင်းနေပြီဖြစ်တဲ့ တံတားကို တော်လှန်ရေးရဲ ဘော်တွေက ဖာထေးပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့က သမရိုးရွာက ဆိုင်ကယ်သွားဖို့ပင် ခက်ခဲနေပြီဖြစ်တဲ့ ရွာဦးတံတားကို တော်လှန်ရေးရဲဘော်တွေက ဖာထေးပြုပြင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
‘ဝက်လက်မြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘အကုန်ဖျက်ပြီး ပြင်တာတော့ မဟုတ်ဘူး။ တံတားကလည်းကြီးတော့ အကုန်ဖျက်ဖို့ကျတော့ ငွေအားရော အချိန်ရော မတတ်နိုင်သေးဘူး။ ဆိုင်ကယ်တွေ အေးဆေးဖြတ်လို့ရတဲ့အထိ တတ်နိုင်သလောက် ဖာထေးကြတာ’ လို့ ဆိုပါတယ်။
သမရိုး‌ကျေးရွာဝန်းကျင်က သစ်သားတံတားအများစုဟာ ဌာနအဆက်ဆက်က ထိန်းသိမ်းမှုမပြုလုပ်ခဲ့တာကြောင့် ဟောင်းနွမ်းပျက်စီးနေပြီး အခုအခါ ဆိုင်ကယ်သွားလာဖို့တောင် ခက်ခဲနေပြီ ဖြစ်ပါတယ်။
‘အခု ကျေးလက်တွေကို ထိန်းထားနိုင်ပြီဖြစ်တဲ့ဒေသက ပြောက်ကျားရဲဘော်တွေဟာ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကူညီလုပ်ကိုင်ပေးတာ တွေ့ရတယ်။ အဲဒါဟာ နိုင်ငံရေးအမြင်ရှိတဲ့ တော်လှန်ရေးသမားတွေရဲ့ လုပ်ရပ်မို့ ဝမ်းမြောက်ရတယ်’ လို့ မုံရွာအခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။