ဟင်္သာတမှာ အသံတိတ်သပိတ် မပြုလုပ်ဖို့ စစ်အုပ်စုက စာဝေခြိမ်းခြောက်

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ ပြုလုပ်မဲ့ အသံတိတ်သပိတ်ကို မပြုလုပ်ဖို့ စာရွက်တွေ လိုက်လံဝေငှကာ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသံတိတ်သပိတ်ကို လုပ်ဆောင်တာဟာ အကြမ်းဖက်မှုကို ကျူးလွန်တာဖြစ်တာကြောင့် ပိုင်ဆိုင်မှုတွေလည်း ချိတ်ပိတ်သိမ်းဆည်းခံရမယ်လို့ စစ်အုပ်စုရဲ့ ခြိမ်းခြောက်စာတွေမှာ ပါဝင်ခဲ့ပါတယ်။
“ကိုယ့်ဆိုင်ကိုယ် ထွက်ချင်ထွက်မယ် မထွက်ချင်မထွက်ဘူးတောင် မရအောင် ဒီကောင်တွေက မိုက်ရိုင်းလွန်းအားကြီးတယ်၊ အခုတော့ ဆိုင်မှာ ဝန်ထမ်းတွေအကုန်လုံးကို အနားပေးမယ် အဲ့နေ့ကျ ဆိုင်သွားဖွင့်မယ် စာအုပ်တွေယူသွားပြီး စာထိုင်ဖတ်မယ်၊ စျေးလာဝယ်တဲ့သူကို မှတ်ထားမယ် ဒီလူဟာ ဒလန်ဆိုတာ သိရတာပေါ့၊ ဆိုင်ကတော့ ဖွင့်မယ် လာဝယ်သူဟာ ဒလန်ပဲ”လို့ ဟင်္သာတမြို့ခံ တစ်ဦးကပြောပါတယ်။
စစ်အုပ်စုဟာ အသံမထွက်သပိတ်နေ့မှာ စျေးဆိုင်တွေ မဖြစ်မနေဖွင့်ဖို့နဲ့ စျေးဆိုင်ပိတ်ကြောင်း လူမှုကွန်ရက်တွေပေါ် သတင်းစကားမျှဝေသူတွေကိုပါ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး သူတို့လက်အောက်ခံ ဝန်ထမ်းတွေနဲ့ သတင်းပေးတွေကို သပိတ်နေ့မှာ မြို့လည်လမ်းမတွေမှာ စည်ကားနေသဖွယ် သွားလာနေကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။