၂၈၊ဇန်နဝါရီလ၊၂၀၂၂။
အကြမ်းဖက်စစ်အုပ်စုနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်)တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက မန်ရန်တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့တယ်လို့ MNDAAက ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မနေ့က ဇန်နဝါရီလ ၂၇ရက်နေ့ မနက် ၈နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုဟာ အထူးဒေသ(၁) မုံးကိုးခရိုင် လော်ကြာကျိုက် အနောက်ဘက် တောင်ကုန်းမှာရှိတဲ့ MNDAAရဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၄၀ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ညနေ ၃နာရီ ၂၄မိနစ်ခန့်မှာတော့ မူပန်ခရိုင် ရှောက်ရှန်ထွန်ဒေသမှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို MNDAAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ညနေ ၅နာရီ ၃၆မိနစ်ခန့်မှာတော့ MNDAAရဲ့ စနိုက်ပါ တပ်ဖွဲ့ဟာ မန်းတုံဒေသ အရှေ့ဘက်မှာ အခြေချနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဇန်နဝါရီလ ၂၇ရက်နေ့ တစ်ရက်ထဲမှာ MNDAAရဲ့ မန်ရန်တပ်စခန်းနဲ့ ရှိကျိကျတောင်ကုန်းကို လက်နက်ကြီးကျည် စုစုပေါင်း ၆၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-MNDAA