ရေဖြူမြို့နယ် ၅ရက်တာ တိုက်ပွဲတွေအတွင်း စစ်အုပ်စုက ၄ဦးသေ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

 


တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တိုပ ဇန်နဝါရီလ ၁၉ရက်နေ့မှာ ၂၃ရက်နေ့အထိ ၅ရက်တာတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုက ၄ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ တိုက်ပွဲတွေအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ဦးလည်း ပျောက်ဆုံးနေပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၉ရက်နေ့ မနက် ၇ခန့်မှာ ရေဖြူမြို့နယ် ရဲအိုင်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ကားတစ်စီးမိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။ နံနက် ၉နာရီ ၂၀မိန်ခန့်မှာလဲ မြစ်မအတက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုက ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မြစ်မတက်တိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုက ရဲဘော်တစ်ဦး လက်မောင်းကို သေနက်ကျည်ထိမှန်ခဲ့ပြီး အရိုးကြေဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၀ရက်နေ့ မနက် ၇နာရီ ၁၀မိနစ်ခန့်မှာလည်း ကုလားချောင်းကျေးရွာအနီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁နာရီကျော် တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက ၄ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ထိခိုက်ကျဆုံးသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၁ရက်နေ့ နေ့လည် ၁၁နာရီ၄၅မိနစ်ခန့်မှာ ဟာမြင်းကြီးကျေးရွာအနီးမှာ ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၅မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ညနေပိုင်းပိုင်းမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာမှာတော့ စစ်အုပ်စုက သေဆုံးသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ရက်နေ့မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲ သုံးကြိမ်ထပ်မံဖြစ်ပွားကာ စစ်အုပ်စုက သေဆုံးသူတွေ များပြားနိုင်ပြီး တော်လှန်ရေးအင်အားစုဘက်က တပ်ဖွဲ့ဝင်နှစ်ဦး ပျောက်ဆုံး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၃ရက်နေ့မှာလည်း စစ်အုပ်စု ကားနှစ်စီးကို ကလုံးထာကျေးရွာအနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက သေဆုံးဒဏ်ရာ ရရှိသူတွေ ရှိခဲ့သော်လည်း တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။