လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို အရေးပေါ်ကာကွယ်ပေးဖို့ တောင်းဆို

၂၈၊ဇန်နဝါရီလ၊၂၀၂၂။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို အရေးပေါ်အကာအကွယ်ပေးဖို့အရပ်ဖက်နဲ့ လူ့အ ခွင့်အရေးဆိုင်ရာအဖွဲ့ပေါင်း၃၀၀လောက်က တောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့တံခါးပိတ်အစည်းအဝေးကျင်းပ နေတာနဲ့ အတူ အဖွဲ့အစည်းပေါင်း ၃၀၀ လောက်က ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။


အဲဒီ ကြေညာချက်ထဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို အထူးအရေးပေါ် အခြေအနေတစ်ရပ်အဖြစ် သဘောထားဖို့လည်းတောင်းဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ
တစ်နှစ်လောက်ကြာပြီဖြစ်ပေမဲ့ ဒီနေ့ထိတိုင်ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ တံခါးပိတ်အစည်းဝေးတွေနဲ့ ကြေညာချက်ထုတ်ပြန်မှုတွေသာ ဆောင်ရွက်နေတာကြောင့် ထိရောက်တဲ့ လက်တွေ့ ဖြေရှင်းမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။


ဒီကနေ့မှာ ကျင်းပတဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ နဲ့မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ် ဆော့ခွန်း တို့လည်း တက်ရောက်ဆွေးနွေးမယ်လို့ AFP သတင်းကဖော်ပြပါတယ်။

ပူးတွဲကြေညာချက်ထုတ်ပြန်တဲ့ အဖွဲ့တွေထဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ အပါအဝင် အဖွဲ့အစည်းပေါင်း ၂၈၆ ဖွဲ့ပါဝင်တယ်လို့ သိရပါတယ်။