အသံတိတ်သပိတ်မှာမပါဖို့ ပြည်သူကိုခြိမ်းခြောက်ထားတဲ့ပိုစတာ ကျုံဒိုးမှာ စိုက်ထူ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ကျုံဒိုးမြို့ပေါ်က နှစ်နေရာမှာ အသံတိတ်သပိတ်မှာဒေသခံတွေ မပါဝင် ဖို့အတွက် ခြိမ်းခြောက်ထားတဲ့ ပိုစတာတွေ စိုက်ထူထားပါတယ်။

ဇန်နဝါရီ၂၇ရက်နေ့ကစပြီး လူထုအသံတိတ်သပိတ်ခြိမ်းခြောက်ပိုစတာ ထောင်ခြင်းဖြစ်ပြီးအသံချဲ့စက်နဲ့ လိုက်အော်နေတာတွေလည်းလုပ်နေတယ်လို့ ကျုံဒိုးမြို့ခံတစ်ဦးကပြောပါတယ်။

‘လူထုက သူတို့ဘက်မှာ မရှိဘူးဆိုတာသိတော့ စစ်ခွေးတွေက လူထုကို ဒီလှုပ်ရှားမှုမှာ မပါဝင်ရဲအောင်လို့ အခုလို လူမြင်ကွင်းမှာ ပိုစတာတွေထောင် ၊ အသံချဲ့စက်တွေနဲ့ အော် လုပ်နေတာလို့ မြင်တယ်’လို့ သူက ပြောပါတယ်။

အသံတိတ်သပိတ်မှာမပါဝင်ဖို့နဲ့ ဖေဖေါ်ဝါရီ၁ရက်နေ့မှာဆိုင်မဖွင့်ပါက ဆိုင်ပိတ်သိမ်းမယ်ဆိုတဲ့ခြိမ်းခြောက် မှုတွေကို အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ တွေက မြို့တိုင်းမှာ ခြိမ်းခြောက်နေကြပါတယ်။

ဖေဖေါ်ဝါရီ၁ရက်နေ့မှာ မြန်မာနိုင်ငံတစ်ဝန်းလုံး အသံတိတ်သပိတ်ဆင်နွှဲဖို့ လူထုလှုပ်ရှားမှုအင်အားစုတွေ က လှုံ့ဆော်နေကြပြီး အကြမ်းဖက်စစ်အုပ်စုဟာ အသံတိတ်သပိတ်မဖြစ်ပေါ်လာရေးအတွက် ခြိမ်းခြောက်မှုမျိုးစုံ နဲ့ ဟန့်တားရေးကို နေပြည်တော်ကနေ တိုက်ရိုက်ကိုင်တွယ်ညွှန်ကြားနေတယ်လို့ ရန်ကုန်မြို့ အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦးကပြောပါတယ်။

တကသကျောင်းသားဟောင်းများအင်အားစုဝင် ကိုနန်းလင်းက ‘ကျွန်တော့်တစ်သက်နဲ့ တစ်ကိုယ်တော့ ကိုယ့်ဆိုင်ကိုယ်ပိတ်တာကို ပုဒ်မကြီး ၊ ပုဒ်မငယ်များစွာနဲ့ ထောင်ဒဏ်ချနိုင်တယ်ဆိုတာ အခုမှကြားဖူးတာပါ။ ဒီလိုခြိမ်းခြောက် အကျပ်ကိုင်နေတာဟာ အရပ်ရပ်မှ ကြားလို့မသင့်၊ အရှက်သိက္ခာမဲ့လုပ်ရပ်ဆိုတာ ပြည်သူများကလည်း ရှင်းရှင်းလင်းလင်းသိပါတယ်။

ဘယ်နိုင်ငံ၊ ဘယ်အစိုးရတွေကများ ကိုယ့်နိုင်ငံက ကွမ်းယာဆိုင်၊ စျေးဆိုင်ပိတ်တာကို ပုဒ်မထုတ်အရေးယူတယ်လို့ ကြားဖူးပါသလဲ’လို့ ဆိုလိုက်ပါတယ်။