အရာတော်မှာ ရဲမိန်းမတွေကို ယူနီဖောင်းဝတ်ခိုင်းပြီး သေနတ်ပစ်သင်နေ

၃၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ရဲမိန်းမ စစ်သားမိန်းမတွေကို ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး သေနတ်ပစ်သင်နေတယ်လို့ အရာတော်မြို့နယ်အတွင်း နွေဦးတော်လှန်ရေးသတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ အရာတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ မနက်ပိုင်းမှာ အရာတော်ရဲစခန်းအတွင်းကနေ ထွက်လာတဲ့ ကားတစ်စီးပေါ်မှာ အမျိုးသမီးတွေကို ယူနီဖောင်းဝတ်ဆင်ပေးပြီး ခေါ်ဆောင်လာတာကို ဒေသခံတွေက တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

မျက်မြင်တွေရှိသူ ဒေသခံတွေ ပြောကြားချက်အရ စစ်အုပ်စုရဲ့ စခတ ၁၀အတွင်းရှိ စက်ပစ်ကွင်းမှာ လက်နက်ငယ်သင်တန်းတွေ ပေးနေတယ်လို့ ဆိုပါတယ်။

“ရဲမိန်းမတွေ ထားဦး။ ရဲအစစ်တွေတောင် သေနတ်ကောင်းကောင်းမပစ်တတ်လို့ ထပ်သင်ပေးနေတာရယ်။ အရင်နေ့ကလည်း စခန်းထဲက ရဲတွေ စခတ-၁၀ ထဲကို သင်တန်းလာကြသေးတယ်။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အရာတော်မြို့ အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်ရင်းအတွင်းမှာ နေ့စဉ် လက်နက်ငယ်လေ့ကျင့်ပစ်ခတ်သံနဲ့ လက်နက်ကြီးသံတွေ မကြာခဏ ဆူညံစွာကြားနေရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံအနှံစစ်မျက်နှာဖွင့်နေချိန်မှာ ထိခိုက်သေဆုံးမှုတွေ များပြားနေပြီး စစ်သားဇနီးမယားတွေနဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဇနီးမယားတွေကိုပါ တိုက်ပွဲတွေမှာ အသုံးပြုလာနိုင်ဖို့ လက်နက်ငယ်သင်တန်းတွေကို အတင်းတတက်ခိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-အရာတော်သတင်းအမှန်ပြန်ကြားရေး