အရေးယူမှုကင်းတဲ့ကုလလုပ်ရပ်ဟာ မြန်မာကို ကျရှုံးနိုင်ငံဖြစ်အောင် တွန်းပို့နေတယ်လို့ပြော

၃၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်တဲ့အရေးယူမှုမရှိတဲ့ ကုလသမဂ္ဂရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံကို ကျရှုံး နိုင်ငံဖြစ်အောင် တွန်းပို့နေသလိုဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ဖရူဆိုလူသတ်ပွဲနဲ့ပတ်သက်ပြီး ဒီဇင်ဘာ၂၉ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချ ကြောင်းထုတ်ပြန်တဲ့အပေါ် နိုင်ငံရေးသုံးသပ်သူတွေက အဲဒီလို မှတ်ချက်ပြုကြတာပါ။

‘အာဏာသိမ်းပြီးကတည်းက ကုလကထုတ်ပြန်ချက်တွေကန့်ကွက်မှုတွေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အားတစ်ခုဖြစ်စေတာမှန်ပေမဲ့ အခု မင်းအောင်လှိုင်တပ်တွေက ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်တာကို ဗြောင်ကျကျလုပ်ဆောင်နေရုံတင်မကဘူး။အခုဖရူဆို မှာ ပြည်သူတွေကို မီးရှို့သတ်ဖြတ်မှုတွေ၊ခရစ္စမတ်လို နေ့မျိုးမှာ လေးကေ့ကော်နားကို မယ်ဝါးခီးရွာကို လက်နက်ကြီးနဲ့ပစ်၊လေယာဉ်နဲ့ပါပစ်တဲ့လုပ်ရပ်တွေဟာ ကုလသမဂ္ဂကိုလည်းဂရုစိုက်စရာမလိုဘူးလို့ မင်းအောင်လှိုင်က ပြောပြလိုက်တာပါပဲ’လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ မြို့ရောကျေးလက်တွေမှာပါ စစ်မီးတောက်လောင်နေပြီဖြစ်ပြီး လက်တွေ့ကျကျအရေးယူမှု ကင်းပြီးကြေညာချက်သာထုတ်နေတဲ့ ကုလသမဂ္ဂရဲ့လုပ်ရပ်ဟာ တောက်လောင်နေတဲ့ စစ်ကို မီးလောင်ရာ လေပင့်ပေးသလိုဖြစ်နေတယ်လို့သူကပြောပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ဖရူဆို ခရစ်စမတ်လူသတ်ပွဲ အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့ လုံခြုံ​ရေး​ကောင်စီက ​တောင်းဆိုလာကြောင်းအကြမ်းဖက်စစ်​ကောင်စီ က ကျူးလွန်​နေသမျှ ရာဇတ်မှု​တွေအားလုံးအတွက် တာဝန်ခံမှု(Accountability)အပြင် တရားမျှတမှု (Justice) ကိုလည်း မလွဲမသွေဖော်​ဆောင်​ပေးဖို့ အ​ရေးကြီးလှကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ပေါ်ရေးသားထားပါတယ်။

‘နိုင်ငံ​တော်အဆင့်တရားမျှတမှု​တွေပျက်ယွင်းလာတဲ့အခါ နိုင်ငံတကာ တရားမျှတမှုကို အားကိုးကြရစမြဲပါ။ နိုင်ငံတကာတရားမျှတမှုကို ​ဖော်​ဆောင်ရာမှာ ​နှောင့်​နှေးကြန့်ကြာလာရင်​တော့ ပြည်သူ့တရားစီရင်မှုကိုပဲ ဖော်​ဆောင်​စေဖို့ တွန်းပို့ရာ​ရောက်​စေပါတယ်’လို့လည်း ဦးအောင်မျိုးမင်းကပြောပါတယ်။

နိုင်ငံရေးဆောင်းပါးရှင်ဆရာရဲမြင့်ကျော်ကလည်း ကုလလုံခြုံရေးကောင်စီမှာအရေးယူတားမြစ်နိုင်တဲ့လုပ်ပိုင် ခွင့်တွေရှိပေမဲ့ ထိထိရောက်ရောက်သုံးတာမျိုးမရှိဘဲ ကြေညာချက်သာထုတ်ပြီး ကန့်ကွက်ရှုတ်ချစိုးရိမ်ပြနေ တယ်လို့ ပြောပါတယ်။

‘ဉပမာ-စစ်တပ်ကို လက်နက်ရောင်းတာတွေပိတ်ပင်ဖို့တို့၊လေယာဉ်ဆီတင်ပို့မှုပိတ်ထားဖို့တို့ပေါ့၊မြန်မာနိုင်ငံ မှာ ဘာဖြစ်နေသလဲဆိုတာ ကုလသမဂ္ဂကအသိဆုံးပါ။သူတို့မှာစောင့်ကြည့်တဲ့အဖွဲ့တွေအများကြီးပါ’လို့ သူက ပြောပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကလည်း ကုလသမဂ္ဂရဲ့ထိရောက်တဲ့အရေးယူမှုမရှိခြင်းဟာ ဘယ်တော့ပြီးမယ်ဆိုတာ မသေချာသေးတဲ့ စစ်မီးကိုပိုမိုတောက်လောင်စေပြီး ပြန်လည်အဖတ်ဆယ်ဖို့ရာ ခက်တဲ့ ကျရှုံးနိုင်ငံအဖြစ်ဦးတည်နေပြီလို့ ဆိုပါတယ်။

‘ဘယ်လိုအခြေအနေရောက်မှမင်းအောင်လှိုင်အစိုးရကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ဖို့ လုံလောက်မလဲလို့ မေးခွန်းထုတ်ရပါမယ်။မြန်မာပြည်သူတွေ ဒီမိုကရေစီလုံ့လဘယ်လောက်ထိကြီးသလဲဆို တာ တစ်နိုင်ငံလုံးတိတ်ဆိတ်သွားတဲ့ ဆိတ်ငြိမ်သပိတ်က သက်သေပြပြီးပါပြီ။မြန်မာ့အရေးကိုမြန်မာတွေ အ သေခံအားစိုက်ပြီး တိုက်ပွဲဝင်နေပေမဲ့ ကုလနဲ့နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီပါမှ မြန်မြန်ပွဲပြတ်မှာပါ။’လို့ သူကပြောပါတယ်။