မြန်မာ့ဒီမိုကရေစီအရေးကို တွန်းအားပေးမယ့် NDAA ဥပဒေ သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြု

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မြန်မာ့ဒီမိုကရေစီအရေးကို တွန်းအားပေးပံ့ပိုးမှုတွေပြဌာန်းထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေNDAA ကို ဒေသစံတော်ချိန်ဒီဇင်ဘာ၂၇ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီဖြစ်ကြောင်းအိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။

NDAA ဥပဒေအရ ၂၀၂၂ ဘဏ္ဏာနှစ်မှာ အမေရိကန်ကာကွယ်ရေးဌာနအတွက် ကန်ဒေါ်လာ ဘီလီယံ ၇၄၀ သုံးစွဲခွင့်ပြုထားပြီး ဒီဥပဒေမှာ မြန်မာ့အရေးပြဌာန်းချက်တွေပါဝင်တာဖြစ်လို့မြန်မာအကြမ်းဖက်စစ်အုပ်စုကို အရေးယူနိုင်ဖို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကို တရားဝင်အသိအမှတ်ပြုကူညီပံ့ပိုးတာတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

NDAAဥပဒေမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး စာမျက်နှာ၅မျက်နှာကျော်ပြဌာန်းထားပြီးအမျိုးသားညီညွတ်ရေးအစိုးရ၊ဒီမိုကရေစီအင်အားစုနဲ့ CDMတွေကို ထောက်ပံ့ရေး၊နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးရေး၊အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို တာဝန်ခံမှုရှိစေရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးအစရှိတဲ့အချက်တွေပါဝင်ပါတယ်။

‘NDAAကြောင့် အမေရိကန်နဲ့အနောက်အုပ်စုဖိအားတွေပိုအားကောင်းလာမယ်။NUGအတွက်လည်း ရန်ပုံငွေ အထောက်အပံ့တွေနဲ့ တရားဝင်မှုတွေဖြစ်ဖို့ အလားအလာတွေရှိတယ်။ဒါပေမဲ့ မြန်မာနိုင်ငံအတွက်သီးသန့် ရေးဆွဲထားတဲ့ Burma Actကို အမေရိကန်လွှတ်တော်၂ရပ်စလုံးကအတည်ပြုပြီး အမေရိကန်သမ္မတလက် မှတ်ရေးထိုးခဲ့ရင်တော့ မြန်မာ့အရေးအတွက် NDAAထက်ပိုအားကောင်းလာမယ်’လို့ ရန်ကုန်အခြေစိုက် နိုင်ငံ ရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

NDAAဥပဒေကို မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး တောက်လျှောက်ထောက်ခံခဲ့တဲ့ အမေရိကန်အထတ်လွှတ်တော်အမတ် Mitch McConnell ကဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။