လာမယ့်နှစ် မြန်မာ့စီးပွားရေးအခြေအနေ ဆက်ဆိုးစရာအကြောင်းသာရှိ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

၂၀၂၂ခုနှစ်အတွင်း မြန်မာ့စီးပွားရေးအခြေအနေဟာ ဆက်ဆိုးလာစရာအကြောင်းသာရှိတယ်လို့ ရန်ကုန်အ ခြေစိုက်အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

အာဏာသိမ်းကာလ တစ်နှစ်ပြည့်ဖို့သိပ်မလိုတော့တဲ့အချိန်ထိ မြန်မာနိုင်ငံဘဏ်တွေရဲ့အခြေအနေဟာ ကိုယ့်ငွေကိုယ်ပြန်ထုတ်လို့မရသေးသလို ATMစက်တွေဟာလည်း ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်မြို့တွင်းစီးပွားရေးလုပ်ငန်းတွေထဲမှာ စားသောက်ကုန်လုပ်ငန်းတစ်မျိုးဟာရပ်တည်နိုင်ကြောင်း လုပ်ငန်းရှင်တွေကပြောကြပါတယ်။

‘အာဏာသိမ်းလို့ပျက်တယ်။ပြီးတော့ ကိုဗစ်တတိယလှိုင်းမှာ မင်းအောင်လှိုင်က ဘာဆိုဘာမှမကိုင်တွယ် နိုင်တော့ မပျက်သေးတဲ့လုပ်ငန်းတွေထပ်ပျက်တယ်။ပြီးတော့ စီးပွားရေးပိတ်ဆို့တာရော နိုင်ငံခြားရင်းနှီး မြှုပ် မှုတွေ ပြန်ရုပ်တာရောကြောင့် အလုပ်လက်မဲ့တွေပါ အလုံးအရင်းနဲ့ မြင့်တက်လာတယ်’လို့ အဲကွန်းလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

လျှပ်စစ်ပစ္စည်းနဲ့သက်ဆိုင်တဲ့အင်ဂျင်နီယာလုပ်ငန်းတွေဟာ အာဏာသိမ်းကာလတစ်လျှောက်လုံး အလုပ်သစ်လုံးဝမရဘူးလို့ သူကပြောပါတယ်။

‘ဝန်ထမ်းတွေကိုလည်း ဆက်မထားနိုင်တော့ဘူး။အရင်လုပ်လက်စလေးတွေတစ်ခု၊နှစ်ခုအတွက်ပဲ ကျွမ်းကျင် ဝန်ထမ်းနှစ်ယောက်လောက်ကို ပုတ်ပြတ်ပုံစံနဲ့ခန့်ထားနိုင်တော့တယ်။လာမယ့်နှစ်အတွက် ပြင်ဆင်ထားတာကတော့ အလုပ်လုံးဝပိတ်ဖို့ပါပဲ’လို့ သူကပြောပါတယ်။

စက်ရုံနဲ့ဂိုထောင်တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကလည်း ဆောက်လုပ်ရေးဈေးကွက်တစ်ခုလုံး ပျက်နေတာကြာပြီလို့ဆိုပါတယ်။

‘နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာ ပြန်ထွက်နေတာကိုပဲကြားရတယ်။စက်ရုံသစ်တည်တယ်ဆိုတာ မကြားရတာကြာပေမဲ့ စက်ရုံတွေပိတ်တာကိုတော့ မကြာခဏကြားနေရတယ်။လုပ်ငန်းရှင်တွေပြာတော့ အောက်ခြေဝန်ထမ်းတွေပိုဆိုးတာပေါ့။ရှေ့နှစ်ကတော့ ထပ်ဆိုးဖို့လမ်းကတန်းနေရောပဲ’လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းရပ်နားတာတွေ အပါအဝင် မြန်မာနိုင်ငံနေ ထွက်ခွာသွားတဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း ၂၀ အထိ ရှိပြီးအဲ ဒီအထဲမှာ ရပ်ဆိုင်း ထွက်ခွာတဲ့ စီမံကိန်း ရှစ်ခု၊ ပိတ်သိမ်းလိုက်တဲ့ လုပ်ငန်း သုံးခု၊ မရေရာတဲ့ အခြေအနေတွေကြောင့် ရပ်နားထားတဲ့ စီမံကိန်း ငါးခုနဲ့ လုပ်ငန်းရောင်းချလိုက်တဲ့ ကုမ္ပဏီ နှစ်ခုရှိတယ်လို့ ISP-Myanmar ကထုတ်ပြန်ထားပါတယ်။

ထွက်ခွာရပ်နားသွားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ များလာချိန်မှာပဲ ပြည်တွင်းမှာကုမ္ပဏီ မှတ်ပုံတင်မှုတွေ ကျဆင်းနေတယ်လို့လည်းသိရပါတယ်။

မရမ်းကုန်းမြို့နယ်အတွင်းရှိ အထည်ဆိုင်ပိုင်ရှင်တစ်ဦးက ‘ရောင်းမကောင်းလွန်းလို့ ဝန်ထမ်းတွေကို မရှိမဖြစ် ဘဲထားပြီး ကိုယ်တိုင်ဝန်ထမ်းအလုပ်တွေလုပ်နေရတာကြာပါပြီ။အထည်ဆိုင်တွေပိတ်နေတာလည်းများလှပြီ။လာမယ့်နှစ်မှာလည်းကောင်းလာစရာအကြောင်းမရှိလို့ ကျွန်မတို့လည်း နားရမယ်ထင်ထင်တယ်’လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်ဆန်းပိုင်းမှာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်နိုင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အနည်းဆုံး လူဦးရေ ၁၄ သန်းကျော်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်မှာ ဖြစ်ပြီးအဲဒီအထဲက ခြောက်သန်းကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်မယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။