နတ်ချောင်းရွာကို စစ်အုပ်စုက ထပ်မံမီးရှို့နေ

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ကလေးမြိုကနယ် နတ်ချောင်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက ထပ်မံမီးရှို့ဖျက်ဆီးနေပြီး သေနတ်သံတွေလည်း ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ ညနေပိုင်းမှာ စစ်အုပ်စုက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာဘုန်းကြီးကျောင်းဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်နေတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး သူတို့ဘာသာ ပစ်ချင်လို့ပစ်နေတဲ့ပုံစံဘဲ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ် ရွာသားတစ်ယောက်ကိုလည်း ဖမ်းထားတယ်ကြားတယ် သေချာမသိရသေးဘူး ဒီကောင်တွေ အတော်လွန်နေပြီ”လို့ ဒေသခံတွင်း သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဒီဇင်ဘာလ ၂၂ရက်နေ့က စတင်ကာ နတ်ချောင်းကျေးရွာကို ဝင်ရောက်စီးနင်းဖျက်ဆီးနေပြီး လေကြောင်းကနေပစ်ခတ်မှုတွေပါ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ ၁၀ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၅ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ပေးပို့