၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။
မကွေးတိုင်း ယောဒေသ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ သင်္ကန်းအရောင်းဆိုင်တွေမှာ စစ်အုပ်စုက သင်္ကန်းအစုံရေ ၂၀၀ခန့်ကို ဝယ်ယူသွားသည်ဟု သတင်းတွေရရှိခဲ့ပြီးနောက် ဘာသာရေးပဋိပက္ခတွေနဲ့ ရဟန်းအယောင်ဆောင် အကြမ်းဖက်မှုတွေ လုပ်ဆောင်လာနိုင်တာမို့ သတိပြုကြဖို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ယောဒေသအတွင်းမှာရှိတဲ့ သာသနိကအဆောက်အဦးတွေမှာ တပ်စွဲနေထိုင်နေကြတာအပြင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုမျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာ ဘာသာရေးအကြောင်းပြပြီး ဘာသာမတူသူတွေကြားမှာ ဘာသာရေး ပြသနာတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တာတွေကို ယခင်က လုပ်ဆောင်ခဲ့ဖူးတာမို့ သတိပြုကြဖို့ လိုတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ သင်္ကန်းဝတ်လျက် အကြမ်းဖက်မှုတွေကို လုပ်ဆောင်လာနိုင်တာကြောင့် ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ သံဃာတော်တွေအနေနဲ့လည်း မလိုအပ်ဘဲ ခရီးသွားလာခြင်းတွေ ရှောင်ကျဉ်ပေးဖို့ YDFက လျှောက်ထားခဲ့ပါတယ်။
ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မသင်္ကာတဲ့ ကားတွေကို တားစီးစစ်ဆေးရာမှာ ခရီးသွား ရဟန်းသံဃာတော်တွေကို စစ်ရေးရတာတွေရှိလာပါက အဂါရဝတရားနဲ့ စစ်ဆေးခြင်းလို့ မမြင်စေလိုဘဲ ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် လိုအပ်တဲ့ စစ်ဆေးမှုလို့ နားလည်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ကိုပါ YDFက သံဃာတော်တွေကို ထည့်သွင်းလျှောက်ထားခဲ့ပါတယ်။