KNU ဗဟိုက တပ်မဟာ ၇ခုလုံးကို ပစ်မိန့်ပေးလိုက်ပြီလို့ဆို

၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။

KNUထိန်းချုပ်နယ်မြေတွေထဲကို ဝင်ရောက်ပြီး စစ်ရေးကျူးကျော်မှုနဲ့ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်ခုခံပစ်ခတ်နိုင်ဖို့ KNUဗဟိုက တပ်မဟာ ၇ခုလုံးကို ပစ်မိန့်ပေးလိုက်ပြီလို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Salween Pressက KNU၊ KNLA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပြောကြားချက်ကို မူတည်ပြီး သတင်းရေးသားထားပါတယ်။

KNUနဲ့ KNLA ထိပ်ပိုင်းခေါင်းဆောင်တွေ အစည်းအဝေးတစ်ခုလုပ်ဆောင်ခဲ့ပြီး နယ်ကျွံပြီး စစ်ရေးလှုပ်ရှားလာတဲ့ စစ်အုပ်စုကို ပြန်လည်ပစ်ခတ်နိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့ကာ လာမယ့် ကွန်ဂရက်မှာလည်း ဒီအကြောင်းတွေကို ထပ်မံဆွေးနွေး အတည်ပြုသွားဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။

“အမြဲတမ်းကော်မတီအစည်းအဝေးမှာ တိုက်ရေးကို အစီအစဉ်ကိုချမှတ်ခဲ့တယ်။ ကွန်ဂရက်မှာ ဆွေးနွေးမယ့်ကိစ္စလည်းပါတယ်”လို့ KNLA တပ်မဟာတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက Salween Pressမှာ ဖြေကြားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ငြိမ်းချမ်းရေးမြို့တော်ဖြစ်တဲ့ လေးကေကော်ဒေသမှာ တိုက်ပွဲတွေ ဖော်ဆောင်လာပြီးနောက် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုက ရာကဏန်းနီးပါအထိ တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ-KNU