မြန်မာဘက်ခြမ်းမှာ စစ်ပွဲတွေပြန်ဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေ မပြန်ကြသေးဖို့ ထိုင်းတာဝန်ရှိသူတွေ တားမြစ်ထား

၁၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ နယ်စပ်ဖြတ်ကျော်ကာ စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူတွေကို ထိုင်းနိုင်ငံက စောင့်ရှောက်ကူညီပေးထားပြီး နေရပ်တွေကို အလောတကြီး မပြန်ကြသေးဖို့ ထိုင်းတာဝန်ရှိသူတွေက တားမြစ်ထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၉ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာကြောင့် နေရပ်ပြန်လိုသူ စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်မပြန်ကြသေးဘဲ ယာယီဆက်လက်နေထိုင်ကြဖို့ ထိုင်းအစိုးရအဖွဲ့နဲ့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

“ဒီမနက်ပိုင်းမှာ နှစ်ဖွဲ့ခွဲပြန်တယ် အယောက် ၅၀လောက်ရှိမယ် ထိုင်းဘက်က လိုက်ပို့ပေးတယ်၊ သူတို့ပြန်ပြီး သိပ်မကြာဘူး မြန်မာဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ စခန်းတာဝန်ရှိသူတွေက မိုက်နဲ့လိုက်ပြီး အသိပေးတယ် တိုက်ပွဲတွေဖြစ်နေတယ် မပြန်ကြနဲ့ဦးလို့၊ ဒီဖက်ကဒုက္ခသည်စခန်းထဲကတောင် အသံတွေက ကြားရတယ် ပစ်ခတ်နေတဲ့ အသံတွေ”လို့ မဲဆောက်ခရိုင် မယ်တောင်စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောပါတယ်။

ထိုင်းနိုင်ငံအစိုးရအဖွဲ့နဲ့ လူမှုရေးအဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး လာရောက်ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးနေပြီး စစ်ဘေးရှောင်စခန်းတွေမှာ ရေအိမ်လိုအပ်ချက်နဲ့ ဆရာဝန်အင်အား လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။