မယ်တောင်စစ်ဘေးရှောင်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ စတင်ဖြစ်ပွားလာ

၁၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

လေးကေကော်တိုက်ပွဲ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ထားတဲ့ ထိုင်းနိုင်ငံအတွင်း စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ မဲဆောက်ခရိုင် မယ်တောင်စစ်ဘေးရှောင်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ စတင်ဖြစ်ပွားလာခဲ့တယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။

စစ်ဘေးရှောင် ၃ထောင်ကျော်အထိရှိနေတဲ့ မယ်တောင်စခန်းမှာ ရေအိမ်မလုံလောက်တာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုအချို့ဟာ အပြင်ဘက်တွေမှာ အပေါ့အလေးသွားတာကြောင့် ပတ်ဝန်းကျင်မှာ အနံသက်တွေ ဆိုးဝါးလာနေပြီး စခန်းတာဝန်ရှိသူတွေက တွေ့ရာ အပေါ့အလေးမသွားဖို့ပါ သတိပေးထားရပြီး တွေ့ရှိပါက ဘတ်၁ထောင်ဒဏ်ရိုက်မယ်လို့ပါ စည်းကမ်းသတ်မှတ်ထားနေရပါတယ်။

“ရေအိမ်အခက်အခဲ တော်တော်ခက်ခဲနေပါတယ်၊ အခုက ဝမ်းပျက် ဝမ်းလျှောတွေ စဖြစ်လာကြတယ်၊ ဆရာဝန်က တစ်ယောက်ထဲမို့ မနိုင်ဘူး လက်မလည်ဘူဖြစ်နေတယ်၊ ရေပြောင်းမြေပြောင်းနဲ့ အိမ်သာ အခက်အခဲနဲ့ အခုလက်ရှိ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေက ရေရှည်မှာဆိုရင် မလွယ်ဘူး”လို့ စစ်ဘေးရှောင်တစ်ဦးက Delta News Agencyကိုပြောပါတယ်။

မယ်တောင်စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကျန်းမာရေးဌာနမှာ မနေ့က ညနေပိုင်းကစတင်ပြီး လာရောက်ဆေးပြကြသူတွေမှာ ဝမ်းရောဂါနဲ့ သက်ဆိုင်သူတွေ ပိုမိုများပြားတယ်လို့ သိရပါတယ်။