၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်က ဒေါက်တာဒေါ်သန်းငွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၁၇ရက်နေ့ ည ၁၁နာရီခန့်မှာ စစ်အုပ်စုက ဒေါက်တာဒေါ်သန်းငွေရဲ့ နေအိမ်အတွင်းကို ဝင်ရောက်ပြီး CDMတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“ဆရာမက အသက် ၇၀ကျော်နေပြီ ကျန်းမာရေးကြောင့် ရှောင်တိမ်းလဲနေရမတော့ သူ့ဘာသာအိမ်မှာပဲ အေးဆေးနေတာ၊ အဲ့ဒါကို စစ်ဆေးစရာရှိလို့ဆိုပြီးတော့ ဖမ်းသွားတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒေါက်တာဒေါ်သန်းငွေဟာ ၂၀၁၂၊ ၂၀၁၅နဲ့ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုကာ ဝင်ရောက်ရွေးချယ်ခံပြီး အနိုင်ရလွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ NLDပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေကို ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်ဆောင်နေလျှက်ရှိပါတယ်။
ဓာတ်ပုံ- လူမှုကွန်ရက်