၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မီးသတ်စခန်းထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုံခြုံရေးကင်းတစ်ခု ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့ မနက် ၄နာရီခန့်မှာ မီးသတ်စခန်းအတွင်း စစ်အုပ်စုကို ဗုံးပစ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိမရှိကိုတော့ မသိရှိရသေးပါဘူး။
“မနက် ၄နာရီလောက်အစောကြီး ပေါက်ကွဲသံကြားလိုက်တယ်၊ ဘာသံမှန်းမသိလိုက်တာ ပြီးမှမီးသတ်ထဲမှာ ပေါက်တာလို့ သိရတယ်၊ ဘာတွေဖြစ်သွားလဲတော့ မသိသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှာလည်း ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားအပြီးနောက်ပိုင်းမှာ စစ်အုပ်စုက မြို့အဝင်အထွက်တွေကိုပါ ပိတ်ထားပြီး မြို့အတွင်း စစ်အင်အားပါ ထပ်မံတိုးမြှင့်ထားတယ်လို့ သိရပါတယ်။