ကြသောင်းဆိပ် BGFစခန်းကို KNLA တပ်မဟာ (၁)နဲ့ PDFပူးပေါင်းတပ်ဖွဲ့က သိမ်းယူ

၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

KNU သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာအုပ်စု ကြသောင်းဆိပ်ကျေးရွာမှာရှိတဲ့ BGF ၁၀၁၃ တပ်စခန်းကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ KNUဗဟိုက ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ရက်နေ့ မနက် ၆နာရီခန့်မှ စတင်ကာ KNLA တပ်မဟာ (၁) တပ်ရင်း (၁)နဲ့ PDFပူးပေါင်းတပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည၉နာရီ ၃၀မိနစ်ခန့်မှာ တိုက်ပွဲပြီးဆုံးကာ စခန်းကို သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လက်နက်ကြီး၊ လက်နက်ငယ်တွေ တစ်နေကုန်ပစ်နေကြတာ မနက်အစောကြီးကတည်းကပဲ၊ ရွာကလူတွေတော့ မနေရဲတော့လို့ ဘေးလွတ်ရာကို ပြေးနေကြရတယ်”လို့ ကြသောင်းဆိပ် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ကြသောင်းဆိပ်စခန်းကို ကတိုင်ဒိ BGFစခန်းက လက်နက်ကြီး ၁၂၀(မမ)တွေနဲ့ ပစ်ကူပေးခဲ့ပြီး လက်နက်ကြီးတွေဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာအတွင်း ကျရောက်ခဲ့တာကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း BGFဘက်မှ စခန်းမှူးအပါအဝင် ၄ဦး ဒဏ်ရာရရှိခဲ့ပြီး KLNA ပူးပေါင်းတပ်ဖွဲ့က ၁ဦးကျဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကြသောင်းဆိပ် BGFတပ်ဖွဲ့တွေဟာ စိတ်ကြွရူးသွပ်ဆေးပြား WYတွေကို တပ်ချိန်းတဲ့အချိန်တွေမှာ ယူဆောင်လာကြပြီး ကိုယ်တိုင်သုံးစွဲသည့်အပြင် ဒေသခံလူငယ်တွေကိုပါ ရောင်းချမှုတွေ လုပ်ဆောင်နေတယ်လို့ KNUဗဟိုက ပြောပါတယ်။

ဒါ့အပြင် BGFစခန်းဟာ ကျေးရွာဘုန်းကြီးကျောင်းအနီးမှာ တပ်စွဲထားပြီး တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း ဝင်ရောက်ကာ အရက်သောက်စားကာ မူးယစ်ရမ်းကားတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကြသောင်းဆိပ် BGFစခန်းဟာ ၁၉၉၃ခုနှစ်ခန့်အထိ စစ်အုပ်စုက တပ်စွဲခဲ့ပြီးနောက်မှာ BGFတပ်ဖွဲ့တွေကသာ ဆက်လက်စခန်းချတပ်စွဲနေတာပဲဖြစ်ပါတယ်။

ဓာတ်ပုံ-KNU