ကနဦးအချက်အလက်အရ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်အုပ်စုက ဆယ်နဲ့ချီသေဆုံး

၁၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ဆယ်နဲ့ချီသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့ မနက် ၁၁နာရီခန့်မှာ စတင်ပြီးအကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KLNAတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုက လက်နက်ကြီးတွေ အများဆုံး အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

“၁၁နာရီ၁၅လောက်ကစတယ် ၁၂နာရီ ၁၀မိနစ်လောက်ကျ ခဏငြိမ်သွားပြီး ၁၂နာရီ၃၀မိနစ်လောက်မှ ပြန်စတာ၊ အနားကလူတွေပြောတာက စစ်တပ်က ၃၀လောက်သေသွားတယ်၊ KNLAဘက်က တစ်ယောက်ဒဏ်ရာရထားတယ်လို့ သတင်းကြားတယ်၊ အခု ၁နာရီ၅မိနစ်လောက်ကနေစပြီးတော့ ပြန်ငြိမ်သွားပြန်တယ်”လို့ ဒေသအနီးရောက်ရှိနေသူတစ်ဦးကပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပက်သက်ပြီး ကနဦးသတင်းတွေသာ သိရှိရသေးပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

KNUထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေ့ကော်မြို့ကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ဆောင်အပြီးမှာ နှစ်ဖက်တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေခဲ့အပြီး အခုလို တိုက်ပွဲဖြစ်ပွားခဲ့ရတာပဲဖြစ်ပါတယ်။