ကန်ဒေါ်လာ ၇၁၇ သန်း တန်ကြေးရှိတဲ့ ကာကွယ်ရေး သဘောတူညီချက်စာချုပ်ကို ဩစတြေးလျနဲ့ တောင်ကိုရီးယား ချုပ်ဆို

၁၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ဩစတြေးလျနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ အမေရိကန် ဒေါ်လာ ၇၁၇ သန်း တန်ကြေးရှိတဲ့ ကာကွယ်ရေး သဘောတူညီချက်စာချုပ်ကို နှစ်နိုင်ငံပူးပေါင်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ဟာ ဩစတြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံအကြား အကြီးမားဆုံး ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် တစ်ခုဖြစ်ခဲ့ပြီး ဩစတြေးနိုင်ငံ၊ ကန်ဘာရာမြို့ကို တောင်ကိုရိးယားသမ္မတ မွန်ဂျေအင်း လာရောက်စဉ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းကတော့ ဩစတြေးလျနိုင်ငံကို လေးရက်ကြာ လာရောက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာပဲ နှစ်နိုင်ငံ ပူးပေါင်း လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အသစ်မှာ တောင်ကိုရီးယားဘက်က ဩစတြေးလျစစ်တပ်ကို အမြောက်လက်နက်တွေ၊ ထောက်ပံ့ရေးယာဉ်တွေနဲ့ ရေဒါတွေကို ကူညီပံ့ပိုးသွားမယ့် အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ ဩစတြေးလျနိုင်ငံ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစလို့ လက်ရှိအထိ နိုင်ငံကို လာရောက်ခဲ့တဲ့ ပထမဦးဆုံး ခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။

အခုလက်ရှိ သဘောတူ ချုပ်ဆိုလိုက်တဲ့ ကာကွယ်ရေးဆိုင်ရာ စာချုပ်ဟာလည်း တရုတ်နိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတို့အကြား တင်းမာမှု မြင့်မားနေတဲ့အချိန်မှာ တောင်ကိုရီးယားနိုင်ငံနဲ့ သဘောတူညီနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ AUKUS အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဩစတြေးလျအပေါ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ရေးအတွက် အမေရိကန်၊ ဗြိတိန်တို့နဲ့ အတူ လက်တွဲလုပ်ဆောင်ခဲ့လို့ အပြင်းအထန် ကန့်ကွက်မှုတွေ ပြုလုပ်ထားတာပါ။

ဩစတြေးလျ ဝန်ကြီးချုပ် မောရစ်ဆင်ကတော့ ဒီသဘောတူညီချက်ဟာ အချုပ်အခြာအာဏာအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ဒီအခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံကိုလည်း အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။