၁၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ကိုဗစ်ကပ်ရောဂါကာလအတွင်းတောင်အာရှနိုင်ငံတွေမှာ ဒုတိယနှစ်အဖြစ် စာသင်ကျောင်းတွေ ဆက်ပြီး ပိတ်ထားတာကြောင့် ကလေးငယ် သန်း ၄၀၀ ကျော်ဟာ ထိခိုက်ခံစားကြရမယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်
သင်ယူမှု ဆုံးရှုံးခြင်းရဲ့ အကျိုးဆက်ဟာ ကြီးမားပြီး သင်ကြားခွင့် အကန့်အသတ်ရှိတဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာဆိုရင် စာသင်ခွင့်ဆုံးရှုံးတာ ရေရှည်ဖြစ်သွားလိမ့်မယ် ဒါ့ကြောင့် ကျောင်းတွေ အပြည့်အဝပြန်ဖွင့်ဖို့ ကုလသမဂ္ဂအေဂျင်စီက ဒေသတွင်းနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
ကလေးအခွင့်အရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ အခုအခါ အန္တရာယ်ကျရောက်တဲ့ အနေအထားကို ရောက်သွားပြီလို့ UNICEF ရဲ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး George Laryea-Adjei က ပြောပါတယ်။
တောင်အာရှမှာ ကျောင်းတွေပိတ်ထားတာက ကမ္ဘာ့အခြားဒေသတွေထက် ကြာမြင့်နေပြီဖြစ်ပြီး အခုနှစ် မတ်လမှ သြဂုတ်လအတွင်း ပျမ်းမျှ ၃၂ပတ်နီးပါးကြာ ကျောင်းတွေ ရာနှုန်းပြည့်ပိတ်ထားရတယ်လို့ ဆိုပါတယ်။
တောင်အာရှရဲ့ ၃၀ရာခိုင်နှုန်းသာ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီး ဖြစ်ပါတယ်။ “ဒီဒေသဟာ ဗိုင်းရပ်စ်ရဲ့ အနာဂတ်လှိုင်းလုံးတွေအတွက် တွန်းအားပေးနေတာကြောင့် ကလေးတွေနဲ့ မိသားစုတွေ ပိုဆင်းရဲတွင်းထဲ ရောက်သွားပါတယ်” လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။